မြန်မာ့ရေပိုင်နက်ကို ကျူးကျော် ငါးဖမ်းသည်ဟုဆိုကာ စစ်ကောင်စီက ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် ၃၁ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့သည် ပြည်သူများအား အကာအကွယ်မပေးနိုင်ဟု ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဌက ဝေဖန်ပြောကြားလိုက်သည်။
ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဌ Rangsiman Rome က ပေထုန်တန် ဦးဆောင်သော လက်ရှိ ထိုင်းအစိုးရအဖွဲ့မှာ ပြည်သူကို မကာကွယ်ပေးနိုင်သော အားနည်းသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း ပြသနေသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံသား ရေလုပ်သား ၄ ဦးကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်ခြင်းအပေါ် လက်ရှိ ထိုင်းအစိုးရအဖွဲ့အနေဖြင့် မြန်မာသံအမတ်ကို ဆင့်ခေါ်ကာ သဘောမတူကြောင်း ပြောရမည်ဟု ၎င်းက တိုက်တွန်းထားသည်။
ထိုင်း-မြန်မာရေပိုင်နက်သည် ပြတ်သားသော နယ်နမိတ်စည်းမျဉ်းမရှိသည့်အပြင် ထိုင်းငါးဖမ်းသင်္ဘောများကို ပစ်ခတ်မှုမှာလည်း မသင့်တော်ကြောင်း ထပ်မံ ဝေဖန်ထားသည်။
ထိုင်း-မြန်မာရေပိုက်နက်သည် ပစ်ခတ်မှုများနှင့် ပင်လယ်ဓားပြမှုများ ရှိနေသော ဆိုမီလီယာရေပိုင်နက်မဟုတ်ကြောင်းကိုလည်း ပြောဆိုရမည်ဟု ၎င်းက ဆက်လက် ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာရေပိုင်နက် ကျူးကျော်သည်ဟုဆိုကာ စစ်ကောင်စီ ရေတပ်က ထိုင်းငါးဖမ်းသင်္ဘောများကို ပစ်ခတ်ခဲ့ပြီး ထိုင်းငါးဖမ်းသမား ၄ ဦးနှင့် မြန်မာသင်္ဘောသား ၂၇ ဦးကို ဖမ်းဆီးခဲ့သည်။
ယင်းနောက် ထိုင်းသင်္ဘောသား ၄ ဦးအနက်မှ လှေပိုင်ရှင်ကို ကော့သောင်းခရိုင်တရားရုံးက ခွင့်ပြုချက်မရှိဘဲ ငါးဖမ်းမှုအတွက် ထောင်ဒဏ် ၅ နှစ်၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်နှင့် ငွေဒဏ် ၂ သိန်းချမှတ်ထားသည်။
ကျန် ထိုင်းငါးဖမ်းသမား ၃ ဦးကိုမူ ခွင့်ပြုချက်မရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းမှုဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် တရားမဝင် ဝင်ရောက်မှု ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီ၊ ဒဏ်ငွေ ကျပ် ၃ သောင်း (၅၁၀ ဘတ်ခန့်) ကိုလည်းကောင်း ချမှတ်ခဲ့သည်။
သို့သော်လည်း အဆိုပါ ထိုင်းနိုင်ငံသားများကို တရားရုံးက ပြစ်ဒဏ်များ ချက်ချင်းကျခံမှုမှ ဆိုင်းငံ့ထားပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရန် ထိုင်းရေလုပ်သား ၄ ဦးစလုံးကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ပြန်လည်လွှတ်ပေးမည်ဟု သိရသည်။
တချိန်တည်းမှာပဲ ထိုင်းငါးဖမ်းသင်္ဘောမှ မြန်မာနိုင်ငံသား ၂၇ ဦးကိုလည်း တရားမ၀င် ဝင်ရောက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
Ref: Khaosod English