Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - သံတွဲမြို့နယ်က စစ်ရှောင်ပြည်သူများကို စစ်ရှောင်ကူညီရေးအဖွဲ့က ဆန်များကို မိသားစုအလိုက် ခွဲတမ်းဖြင့် လှူဒါန်းပေးအပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ကိုစိန်ချစ်)

လာမည့် ၂၀၂၅ ခုနှစ်မှာ အငတ်ဘေးကို ခံစားကြရမည့် ရခိုင်ပြည်က ပြည်သူလူထုများအတွက် ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် လိုအပ်ကြောင်း Burma Campaign UK က တိုက်တွန်းနေသည်။

ရခိုင်ပြည်အား အကူအညီပေးရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ရေး ဘင်္ဂလားဒေ့ချ်အစိုးရနှင့် ညှိနှိုင်းပေးရန် ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်အား ဒီဇင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် ပြည်သူလူထု နှစ်သန်းမှာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်တွင် အငတ်ဘေး ကျရောက်တော့မည်ဟု နိုဝင်ဘာလတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က သတိပေးခဲ့သည်။

လက်ရှိ တကျော့ပြန်တိုက်ပွဲများကြောင့် မွတ်ဆလင်ပြည်သူ နှစ်သိန်းအပါအဝင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၆ သိန်းကျော်အထိ ရှိလာနေပြီး ရခိုင်လူဦးရေ၏ ၉၅ ရာခိုင်နှုန်းမှာ အသက်ရှင်ရပ်တည်ရန် အလွန်ခက်ခဲနေကြရသည်။

မြန်မာစစ်တပ်သည် ၂၀၂၃ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားကာ လက်ရှိ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို ကုန်စည်စီးဆင်းမှု ပိုမိုဖြတ်တောက်ထားသည်။

ထိုကြောင့် ရခိုင်ပြည်ထဲက ပြည်သူလူထုများကို အငတ်ဘေးမှ ကယ်တင်နိုင်ရန် ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ရခိုင်ပြည်အား အကူအညီပေးရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ညှိနှိုင်းပေးရမည်ဟု Burma Campaign UK က တိုက်တွန်းတောင်းဆိုနေခြင်းဖြစ်သည်။

“ဒီလိုဖြစ်လာတော့မယ့် အကျပ်အတည်းကို တားဆီးတာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်” ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ပြောသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံတွင် အကျပ်အတည်းများကို တားဆီးရန် ပျက်ကွက်ခြင်းမှတ်တမ်းများရှိပြီး မကြာခင် ကျရောက်လာမည့် အငတ်ဘေးကို ခွင့်မပြုသင့်ကြောင်း ဂူတာရက်စ်ကို Mark Farmaner က ထောက်ပြထားသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် ဘူးသီးတောင်၊ မောင်တောဒေသကို အာရက္ခတပ်တော် AA က အပြည့်အဝ ထိန်းချုပ်ထားပြီး နယ်စပ်ကတစ်ဆင့် အကူအညီပေးရေး လမ်းကြောင်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများမှာ ပိုမိုလွယ်ကူသွားပြီဟု သိရသည်။

စစ်ကောင်စီ ထိန်းချုပ်ကန့်သတ်မှုများကြောင့် ရခိုင်ပြည်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် အခြားသော လူမှုရေးဆိုင်ရာ ပြဿနာများ၊ စီးပွားရေး အခွင့်အလမ်းများမှာ ပြတ်တောက်ဆုံးရှုံးခဲ့ရသည့် အခြေအနေများအား ပြန်လည်ကုစား အသက်သွင်းရမည့် အချိန်ရောက်လာပြီဟု ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ