ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ရှိ စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၃၀၀ ခန့်က အလုပ်လုပ် နေထိုင်ခွင့် သက်တမ်းတိုးရာတွင် ထိုင်းဘတ် ၁၀၀၀၀ အထိ ကောက်ခံနေမှုအပေါ် သင့်တင့်မျှတသော စျေးနှုန်းသို့ လျှော့ချပေးရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ထိုင်းရဲနှင့်နယ်မြေလုံခြုံရေးအဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း အလုပ်သမားများက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲ့ အုန်းရိုင်နယ်မြေ၊ ဖိကဆင်လမ်းမကြီးဘေးရှိ စက်ရုံတွင် မြန်မာအလုပ်သမားများက အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန်အတွက် အလုပ်သမား ၁ ဦး ထိုင်းဘတ် ၁၀၀၀၀ နှုန်းကောက်ခံနေမှုကို သင့်တင့်မျှတသော စျေးနှုန်းဖြစ်ပေါ်ရေး ဆောင်ရွက်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။
ထိုအခြေအနေတွင် စက်ရုံပိုင်ရှင်က ထိုင်းရဲနှင့် နယ်မြေလုံခြုံရေးအဖွဲ့များကို ခေါ်ယူ၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မြန်မာအလုပ်သမားများကို အတင်းအကျပ် ရိုက်နှက်ဖမ်းဆီး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး လတ်တလောတွင် မြန်မာအလုပ်သမား ၄ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ငြိမ်းချမ်းစွာ တောင်းဆိုနေသော အလုပ်သမားများအပေါ် ထိုင်းရဲနှင့်နယ်မြေလုံခြုံရေးများ ခေါ်ယူ၍ ကြမ်းတမ်းစွာ ကိုင်တွယ်မှုသည် မည်သို့မျှ လက်ခံ၍ မရကြောင်း၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ပြောသည်။
“အခုလိုမျိုး အလုပ်သမားတွေအတွက် နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ပြီး လက်ထိပ်ခတ်ဖမ်းတာက အလုပ်သမားတွေက အေးအေးချမ်းချမ်းနဲ့တောင်းဆိုနေတာကို လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ အလုပ်သမားတွေက စက်ရုံအလုပ်ရုံကိုလည်း ဖျက်ဆီးနေတာမဟုတ်ဘူး။ သူတို့ ရပိုင်ခွင့်ကို တအားစျေးကြီးနေတဲ့အတွက် ကိုယ့်ဘေးနားက စက်ရုံတွေမှာ စျေးနှုန်းသက်သက်သာ လုပ်ပေးနေတာကို ကိုယ့်စက်ရုံမှာ စျေးနှုန်းအဆမတန်ကောက်နေတာကို ညှိနှိုင်းတဲ့သဘောနဲ့ အလုပ်သမားတွေက အေးအေးဆေးဆေး တောင်းဆိုနေတာဖြစ်တယ်။ အဲဒါကို အခုလိုမျိုး ထိုင်းရဲနဲ့ နယ်မြေလုံခြုံရေးတွေ ခေါ်ပြီး ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာက တော်တော်ရှားပါတယ် ထိုင်းနိုင်ငံမှာက။ အခုလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေရှိတဲ့ စက်ရုံတွေမှာ အေးအေးဆေးဆေးနဲ့တောင်းဆိုတယ်။ အေးအေးချမ်းချမ်းနဲ့ပြီးသွားတာပဲ။ အခု ဒီစက်ရုံရဲ့ပိုင်ရှင်ကတော့ တော်တော်ကို ပြောရမယ်ဆိုရင် ထိုင်းအာဏာပိုင်တွေကို ပိုင်တယ်လို့ ပြောရမယ်။ ချက်ချင်းခေါ်ပြီး အထောက်အထားအပြည့်အစုံရှိတဲ့ ဒီအလုပ်သမားတွေကို ဒီလိုလုပ်တာက လူ့အခွင့်အရေးရော အလုပ်သမားအခွင့်အရေးရော ချိုးဖောက်တာဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်တယ်။ ဒါမျိုးကတော့ လက်ခံလို့မရပါဘူး။”ဟု ကိုရဲမင်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများထံမှ အာဏာသိမ်း စစ်ကောင်စီသည် အခွန်ကောက်ခံရရှိရေးအတွက် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်နေသည့်အတွက် နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးရေးမှာ စျေးနှုန်း အလွန်ကြီးမြင့်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။