(ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် AA တို့ ညှိနှိုင်းထားခြင်းမရှိ၍ဟုဆိုကာ ဆန်ရောင်းချခွင့် မရရှိသေးပေ)
ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် မောင်တောဒေသကို ဒီဇင်ဘာလ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA မှ ထိန်းချုပ်ပြီးနောက် မောင်တောဆိပ်ကမ်းကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ဆန်ကုန်သွယ်နေပြီဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော် AA တို့သည် ကုန်သွယ်ရေးကိစ္စရပ်များကို သဘောတူညီမှုများ ဆွေးနွေးထားခြင်းမရှိသည့်အတွက် ရခိုင်ကုန်သည်များမှာ ဆန်ရောင်းချခွင့် မရရှိကြပေ။
မက်ထရစ် ၁၉ တန်အလေးချိန်ရှိသော လုံးကြီး ဆန်အိတ် ၃၈၀ တင်ဆောင်လာသည့် တက်နေထွန်း အမည်ရှိ ဆန်ဘုတ်တစ်စီးသည် AA အခွန်ပြေစာဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မောင်တောဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် ကောဘဇားခရိုင် တက္ကနပ်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း The Daily Star သတင်းတွင် ဖော်ပြသည်။
ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ အကောက်ခွန်ဌာန ခေါင်းစဉ်တပ်ထားသော အခွန်ပြေစာတွင် ‘Arakan People’s Government – အကောက်ခွန်နှင့် အခွန်ဌာန’ တံဆိပ်တုံးရိုက်နှက်ထားသည်ကို တွေ့ရသည်။
ဆန်ကုန်သည် ဦးထွန်းလင်းစံသည် မောင်တောဆိပ်ကမ်း၌ ULA/AA အစိုးရအဖွဲ့ အကောက်ခွန်ဌာနတွင် ဆန်အိတ် ၃၈၀ အတွက် ၆၈၄၀၀၀ ကျပ်ကို အခွန်ဆောင်ထားကြောင်း အခွန်ပြေစာအရ သိရသည်။
ULA/AA အစိုးရအဖွဲ့၏ အခွန်ပြေစာနှင့် ပတ်သက်၍ တက္ကနပ်ဆိပ်ကမ်း အာဏာပိုင်များမှာ ဆုံးဖြတ်ချ ချရန်ခက်ခဲနေကြပြီး ဘင်္ဂလားဒေ့ရှ် ဗဟိုအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
လက်ရှိတွင် တိကျသေချာသည့် ဆုံးဖြတ်ချက်များ မရသေးမိအချိန်အတွင်း ဆန်ရောင်းချခွင့်မရှိကြောင်းနှင့် အကယ်၍ မှန်ကန်သော စာရွက်စာတမ်းများ မပြသနိုင်ပါက ဆန်နှင့် ဘုတ်ကို သိမ်းဆည်းရမည်ဟု တက္ကနပ်ဆိပ်ကမ်း အကောက်ခွန်အရာရှိ BM Abdullah Al Masum က ပြောသည်။
“ဆီလျော်မှုမရှိတဲ့ စာရွက်စာတမ်းတွေကြောင့် မောင်တောက ဆန်တင်ပို့လာတာကို ကျွန်တော်တို့ ခွင့်မခဲ့ပါဘူး။ အထက်သို့ တင်ပြထားတယ်။ ပစ္စည်းတင်ပို့သူအနေနဲ့ ဆီလျော်တဲ့ စာရွက်စာတမ်းတွေ မပြသနိုင်ရင် ကုန်စည်တွေ သိမ်းဆည်းခံရမယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် မောင်တောဒေသကို စစ်ကောင်စီထံက သိမ်းယူထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကီလိုမီတာ ၂၇၀ ရှိသော နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။
တစ်နှစ်ကျော်ကြာ ရပ်တန့်နေသည့် ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ရန် ကုန်သည်များက မျှော်လင့်နေကြသည်။
ယခင်က စစ်ကောင်စီ ထိန်းချုပ်စဉ်က စစ်ကောင်စီ၏ အခွန်ပြေစာဖြင့် မောင်တောဆိပ်ကမ်းက တင်ပို့လာသည့် ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်ဖက်က အလွယ်တကူလက်ခံခဲ့သော်လည်း လက်ရှိ ULA/AA အစိုးရအဖွဲ့၏ အခွန်ပြေစာဖြင့် တင်ပို့လာသော ကုန်ပစ္စည်းများကို လက်ခံရန် အကျပ်ရိုက်နေကြခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့် အာရက္ခတပ်တော် AA တို့မှာ ကြိုတင်ပြင်ဆင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ထားခြင်းမရှိ၍ မောင်တောနယ်စပ်က ကုန်သွယ်ကြမည့် ကုန်သည်များမှာ အခက်အခဲဖြစ်နေကြရသည်။