Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရခိုင်ပြည် မောင်တောမြို့ဆိပ်ကမ်းမှ AA အခွန်ပြေစာဖြင့် ထွက်ခွာသွားသည့် ဆန်ဘုတ်အား ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓါတ်ပုံ - Mokammal Shuvo)

ရခိုင်တွင် စားသောက်ကုန်၊ လူသုံးကုန်အပါအဝင် ကုန်ပစ္စည်းများသယ်ယူလျှက်ရှိနေသည့် ကုန်စည်စီးဆင်းရာလမ်းကြောင်းများမှာ ကျပ်တည်းလျှက်ရှိနေဆဲဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ရခိုင်ဒေသသည် ပြည်မနှင့်ဆက်သွယ်သည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံလိုက်ရပြီးနောက် ရခိုင်ပြည်အတွင်း ရရာနည်းလမ်းများဖြင့် ကုန်စည်များကို ပြည်တွင်းသို့တင်သွင်းနေကြရသည်။

ကုန်စည်များကို ရရာနည်းလမ်းဖြင့် သယ်ယူရသည်ဆိုသည့်အတိုင်း လမ်းကြောင်းများတွင် လွန်စွာအကျပ်တည်းဖြင့်ကြုံတွေ့ကြရသည်ဟု ပြည်မဘက်မှ ရရာနည်းလမ်းဖြင့် ကုန်စည်များချနေသည့် ကုန်သည်အမျိုးသမီတစ်ဦးက ပြောသည်။

“ကုန်ချရတာက အမြဲတမ်းအခက်ခဲနဲ့ပါပဲ။ စစ်ကောင်စီက သိရင်သိသလို လမ်းကြောင်းတွေကို ပိတ်တယ်။ ရခိုင်ကုန်သည်တွေဆို တွေ့ရင်ဖမ်းတယ်။ ကုန်ပစ္စည်းတချို့ရဖို့ကို လနဲ့ချီအချိန်ပေးပြီး စောင့်ကြရတယ်။ ဒါတောင် လမ်းမှာ အသိမ်းခံရရင်ဆုံးပြီပဲ။ အခုလည်း ဖုန်းလိုင်းပြတ်နေတာနဲ့ဆို ကုန်တွေချရတာ တကယ့်ကိုအဆင်မပြေချက်ပဲ” ဟု ပြောသည်။

ယင်းအပြင် ယခုလပိုင်းအတွင်း လမ်းကြောင်းများ အလွန်ကျပ်တည်းလာမှုကြောင့် ကုန်ပစ္စည်းဝယ်ယူသူများမှာ ရာခိုင်နှုန်းတိုးမြှင့်ပေးရမှုများရှိနေပြီး ယခင်ကပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ပေးရမှုရှိသော်လည်း လက်ရှိတွင် ၁၅ ရာခိုင်နှုန်းခန့် ပေးဆောင်ရမှုများရှိနေသည်ဟု ကုန်သည်များထံမှ သိရသည်။

ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့် ရခိုင်တွင် အာရက္ခတပ်တော် AA က ပလက်ဝ၊ ကျောက်တော်ကို စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိပြီးနောက်ပိုင်း အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းကို ရခိုင်ကုန်သည်များမှာ အားကိုးခဲ့ကြသည်။

အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းမှာ ရခိုင်မြောက်ပိုင်းမြို့နယ်များ၏ အဓိက အားထားရာ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတစ်ခုဖြစ်လာခဲ့သော်လည်း အဆင်မပြေမှုများစွာ ရှိနေဆဲဖြစ်သည်ဟု အိန္ဒိယ-ရခိုင် ကုန်သည်တစ်ဦးက ပြောသည်။

“ကုန်တွေကတော့ အမြဲရတဲ့နည်းတွေနဲ့ ချနေကြတာပါပဲ။ ဒီဘက်လမ်းကတော့ စစ်ကောင်စီနဲ့ တွေ့စရာအကြောင်းတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ဒေသအာဏာပိုင်တွေက နယ်စပ်ဂိတ်တွေ မကြာခဏပိတ်တတ်တာတွေရှိတယ်။ နောက်ပြီး ကားလမ်းမကောင်းတာကြောင့်လည်း လမ်းပိတ်တာတွေ မကြာမကြာဖြစ်တတ်တယ်။ ရေလမ်းကလည်း ရေစီးပြင်းတာတွေနဲ့ကြုံရင် အသက်အန္တရာယ်ထိတောင် စိုးရိမ်ရတယ်။ လမ်းစရိတ်ကလည်းကြီးတော့ ကုန်စျေးက အကျဖက်ကို မရောက်နိုင်ဘူး” ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က မောင်တောမြို့ဆိပ်ကမ်းကတစ်ဆင့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင် တက္ကနပ်ဆိပ်ကမ်းသို့ ရခိုင်ကုန်သည်တစ်ဦး ဆန်ကုန်သွယ်ခဲ့သည်။ သို့သော်လည်း အာရက္ခတပ်တော် AA ၏ အခွန်ပြေစာဖြစ်နေသောကြောင့် ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းအာဏာပိုင်များက ဆန်အား ရောင်းချခွင့် မပေးပေ။

မောင်တောဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကြေညာခဲ့သော အာရက္ခတပ်တော် AA သည် ဘင်္ဂလားဒေ့ရှ်ဘက်ကို ကုန်သည်များအား ကုန်သည်ခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် AA တို့သည် ကုန်သွယ်ရေးကိစ္စအား ဆွေးနွေးထားခြင်းမရှိ၍ အဆိုပါ ရခိုင်ကုန်သည်မှာ AA အခွန်ပြေစာကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ အစစ်အဆေးခံနေရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင် ဆန်ကုန်သည်မှာ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိနှင့် ဆန်အား ရောင်းချခွင့် ရမရ အကြောင်းကို ယနေ့အချိန်အထိ တိတိကျကျ မသိရသေးပေ။

ရခိုင်တွင် ကုန်စည်လမ်းကြောင်းများ အဆင်မပြေမှုကြောင့် ကုန်စည််စျေးနှုန်းများ အဆမတန်မြင့်တက်နေမှုမှာ ၁ နှစ်ကျော်အကြာရှိလာနေပြီဖြစ်ပြီး ထိုကာလအတွင်း စားသောက်ကုန်အပါအဝင် လူသုံးကုန်ပစ္စည်းအားလုံးမှာ ယခင်မူလစျေးနှုန်း၏ ၃ ဆမှ ၁၀ ဆကျော်အထိ မြင့်တက်လျှက်ရှိနေခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ