Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ပြော)

အာရက္ခတပ်တော် AA ၏ စစ်ရေးအကြံဉာဏ်များနှင့် ထောက်ပံ့ပေးသော စစ်လက်နက်ခဲယမ်း ပစ္စည်းများကြောင့် ချင်းညီနောင်အဖွဲ့သည် မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ချင်းညီနောင်စစ်ဆင်ရေး CB အဖြစ် ဖော်ဆောင်လျှက်ရှိသော ချင်းပြည်အတွင်း မြို့သိမ်းတိုက်ပွဲများအနက် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အောင်မြင်သွားပြီဟု ချင်းညီနောင်အဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ချင်းညီနောင်အဖွဲ့သည် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်အဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

“မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ပါသည်” ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ယင်းအပြင် မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည် Yaw Defense Force (YDF), Yaw Army (YA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း(၃) တို့မှ ဟန်ချက်ညီညီဆင်နွှဲခဲ့ကြကြောင်းလည်း သိရသည်။

မဆုတ်မနစ်သော စိတ်ဓာတ်တို့ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် ချင်းပြည်၊ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအား အပြီးတိုင် တိုက်ခိုက် သိမ်းပိုက် ရယူနိုင်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

“ထို့ကြောင့် ယခုအချိန်တွင် မင်းတပ်မြို့နယ် တစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်သည် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီးဖြစ်ပါသည်” ဟု ဆိုသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း၌ စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား (၁၃) ဦးကိုလည်း အောင်မြင်စွာကယ်ထုတ် ပေးနိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့သည့် မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင် ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစားဂုဏ်ပြုကြောင်းလည်း ပြောသည်။

ဆက်လက်ပြီး ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ပြောဆိုထားသည်။

လက်ရှိတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ကတည်းက ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံးမှာ ထွက်ပြေးသွားပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို လိုက်လံတိုက်ခိုက်နေကြောင်း ချင်းညီနောင်ပြောခွင့်ရ ကိုယောမာန်က ပြောသည်။

“အခုပြေးသွားတဲ့ စကစ တွေ နောက်လိုက်နေပါတယ်။ ကျနော်တို့ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူးခင်ဗျ။ မကြာခင် တရားဝင် ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ပြောဆိုထားသည်။

တစ်ဖက်မှာတော့ ကန်ပက်လက်ကောင်စီက စစ်ကောင်စီထွက်ပြေးသွား၍ ကန်ပက်လက်မြို့ကို ပြည်သူများက ပြန်လည်ထိန်းချုပ်လိုက်ပြီဟု ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်သူများ၏ ညှိနှိုင်းများကြောင့် ကန်ပက်လက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထွက်ပြေးသွားခြင်းဖြစ်ပြီး ပြည်သူ့များပူးပေါင်းပါဝင်ခဲ့မှုကြောင့်ဟု ကန်ပက်လက်ကောင်စီ ဂုဏ်ပြုပြောဆိုထားသည်။

ချင်းညီနောင်အနေဖြင့် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ပြောဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ