Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain.

လက်ရှိဖြစ်ပေါ်နေသော နယ်စပ်နှင့် ရခိုင်ပြဿနာများကို ဖြေရှင်းရန် မြန်မာကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားပြီး နယ်စပ်ထိန်းချုပ်မှုအပေါ် အာရက္ခတပ်တော် AA ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ၁၉ ရက် ကြာသပတေးနေ့က ကျင်းပသည့် အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို သဝဏ်လွှာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလွတ်သဘောဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် အခြားနိုင်ငံများမှ အကြီးတန်းကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဒေသဟာ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးဆိုတာကို ကျနော်တို့ အကြောင်းကြားပါတယ်။ အခု အာရက္ခတပ်တော် AA လို အစိုးရမဟုတ်တဲ့ အင်အားစုတွေက ချုပ်ကိုင်ထားတယ်။ ပြည်နယ်တစ်ခုအနေနဲ့ သူတို့နဲ့ ထိတွေ့ဆက်လို့ မရဘူး။ မြန်မာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ နယ်စပ်ဒေသကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်” ဟု Hossain က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain တောင်းဆိုချက်ကို မြန်မာစစ်ကောင်စီဘက်က လက်ခံပြီး လက်ရှိတွင် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ပြောက တုန့်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရားမဝင်သော နယ်စပ်ဖြတ်ကျော်ဝင်ရောက်များကို လုံးဝ လက်ခံတော့မည် မဟုတ်ကြောင်းနှင့် မြန်မာစစ်တပ်-AA တိုက်ပွဲအတွင်း မြန်မာဘက်က လူပေါင်း ၆ သောင်းကျော်မှာ ဝင်ရောက်လာခဲ့ကြောင်း Hossain က ဆိုသည်။

မြန်မာဘက်က မွတ်ဆလင်များ ဝင်ရောက်မှု လွယ်ကူချောမွေ့စေရန် မြန်မာဘက်ခြမ်း နယ်စပ်ဒေသမှာ အကျင့်ပျက်ခြစားမှုများရှိကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးက မီးမောင်းထိုးပြခဲ့သည်။

“သူတို့က လမ်းကြောင်းတစ်ခုတည်းကနေ ဝင်တာမဟုတ်ဘူး၊ လမ်းကြောင်းမျိုးစုံကို ဖြတ်သန်းလာတာကြောင့် ရပ်တန့်ရခက်ပါတယ်” ဟု Hossain ဆိုသည်။

မြန်မာဘက်က မွတ်ဆလင် အများအပြားဝင်ရောက်လာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စိုးရိမ်ချက်များရှိနေကြ၍ အဆိုပါစိုးရိမ်ချက်ကို Hossain က ပျက်ချခဲ့သည်။

“အများအပြားက စိုးရိမ်နေကြပေမယ့် နောက်ထပ် ဝင်လာမယ် ဆိုတာကိုတော့ ကျွန်တော် မယုံပါဘူး။ ဒီစိုးရိမ်မှုတွေလည်း ပါပါတယ်၊ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းပြီးတော့ တားဆီးဖို့ အစီအမံတွေ လုပ်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsar က သဘာပတိအဖြစ် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vikram Misri နှင့် တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu တို့ ပါဝင်ခဲ့သည်။

နယ်စပ်၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုမှုနှင့် မြန်မာ့နိုင်ငံရေး အနာဂတ်အပါအဝင် ကိစ္စရပ်များကို ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးခဲ့ကြောင်း Hossain က ပြောသည်။

မွတ်ဆလင်အကျပ်အတည်းကို ဖြေရှင်းခြင်းမရှိဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမှာ ခဲယဉ်းနေမည်ဟု Hossain က အလေးပေး ပြောကြားသည်။

“နယ်စပ်နှစ်ဘက်နဲ့ စခန်းတွေမှာ ရာဇ၀တ်ကောင်တွေ ရှိနေတဲ့အတွက် ဒီစိုးရိမ်မှုတွေကို မီးမောင်းထိုးပြခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာ့နိုင်ငံရေးအနာဂတ်တွင် ပါဝင်သူအားလုံးသည် ၎င်း၏ပြည်တွင်းရေးပြဿနာများကို ဖြေရှင်းရန်နှင့် ရှေ့သို့တက်လှမ်းရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ဖော်ပြထားကြောင်း Hossain က မှတ်ချက်ပြုခဲ့သည်။

“လူတိုင်းက မြန်မာနိုင်ငံကို ထောက်ခံမယ်လို့ ပြောကြပြီး ဖက်ဒရယ် ဖွဲ့စည်းပုံကို ရွေးမယ်ဆိုရင် ကျနော်တို့ စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ဆုံးဖြတ်ချက်တခုကို လိုချင်ပါတယ်” ဟု Hossain က ပြောသည်။

နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် ဘင်္ဂလားဒေ့ရှ်က ဗျူဟာမြောက် အကျိုးစီးပွားရှိသည့် အနောက်နယ်စပ်ကို အထူးအာရုံစိုက်ကာ အရှေ့မြောက်နှင့် တောင်ပိုင်းနယ်စပ်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း အကြံပေး ရှင်းပြသည်။

မြန်မာနိုင်ငံကို အနှောက်အယှက်ဖြစ်စေသည့် အွန်လိုင်လိမ်လည် ရာဇ၀တ်မှုများတွင် လိမ်လည်လှည့်စားသည့် စင်တာများ တိုးလာခြင်းကို စိုးရိမ်ကြောင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ နယ်စပ်ဆက်စပ် ရာဇ၀တ်မှုဆိုင်ရာ ကိစ္စရပ်များမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အကြံပေးက ပြောသည်။

ယင်းစိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် သင့်လျော်သောအစီအမံများ ဆောင်ရွက်ပေးရန် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအား တိုက်တွန်းထားကြောင်း သိရသည်။

Ref: The Daily Star

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ