ရခိုင်တွင် တပြည်နယ်လုံးအတိုင်းအတာအနေဖြင့် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှုမှာ ၁ လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။
ထိုကဲ့သို့ လနှင့်ချီ၍ ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဒေသတွင်းလုပ်ငန်အားလုံးနီးပါး၌ အခက်ခဲအကျပ်တည်းများ ကြုံတွေ့နေကြရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။
“ဒီဖုန်းလိုင်းမရတာကြောင့် ဘာပဲလုပ်လုပ် တော်တော်ကို အခက်ခဲဖြစ်တာပါ။ ကျနော်တို့ ကုန်သည်တွေဆိုရင်လည်း ထိုနည်း၎င်းပဲ။ လမ်းခရီးမှာ ငွေထုတ်ပိုက်ပြီးသွားရတယ်။ အန္တရာယ်များတယ်ပေါ့နော်။ အရင်ဆိုလူရောက်မှ ငွေလွှဲခိုင်းလိုက်လို့ရတယ်။ ပြီးတော့ ပစ္စည်းတွေနဲ့ပြန်လာရတာ။ လမ်းမှာက ဘာဖြစ်မယ်မှန်း ဘယ်သူမှ ကြိုသိတာမဟုတ်ဘူး။ တစ်ခုခုဖြစ်နေရင် ဘယ်သူ့ကိုမှ ဆက်သွယ်မရတဲ့ အခြေနေမျိုးတွေ ကြုံကြရတယ်” ဟု အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ဖုန်းလိုင်းမရမှုကြောင့် ကြုံတွေ့နေရသည့် ၎င်း၏အခက်ခဲများနှင့် ပတ်သက်၍ပြောဆိုခြင်းဖြစ်သည်။
ယင်းအပြင် ဖုန်းလိုင်းမရမှုကြောင့် အကျပ်အတည်းကြုံတွေ့ကြရသူများထဲတွင် နိုင်ငံခြားဝင်ငွေမှီခိုနေရသူများ အဓိက ပါဝင်ပြီး ထိုသူများထဲမှ မင်းပြားမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက သူ၏အခက်ခဲကို ယခုကဲ့သို့ပြောသည်။
“ဒီဖက်မှာ ဖုန်းဆက်လို့ရတယ်ကြားလို့ သမီးကို ဖုန်းလာဆက်တာ။ ဖုန်းဆက်ဖို့ စောင့်နေတာ ၂ ရက်ရှိပြီ။ မရသေးဘူး။ ပါလာတဲ့ပိုက်ဆံလည်းကုန်ပြီ။ အိမ်မှာလည်း ပိုက်ဆံမကျန်ခဲ့တော့ဘူး။ ထမင်းငတ်မယ့် အနေအထားကြုံနေရပြီ” ဟုပြောသည်။
ရခိုင်တွင် အလုပ်ကိုင်ရှားပါးမှုကြောင့် လူငယ်၊ လူလတ်ပိုင်း အမျိုးသား/အမျိုးသမီးများမှာ ထိုင်း၊ မလေး၊ တရုတ်၊ ဂျပန်၊ ကိုးရီးယားပါအဝင် နိုင်ငံအများအပြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများရှိပြီး ရခိုင်ရှိ အိမ်ထောင်စုတိုင်းတွင် ပြည်ပထွက်ခွာသူဦးရေမှာ အနည်းဆုံး ၁ ဦးနှုန်းခန့် ရှိနေထားပြီးဖြစ်သည်။
ထို့ကြောင့် ရခိုင်တွင် နိုင်ငံခြားဝင်ငွေမှီခိုနေရသည့် အိမ်ထောင်စုအရေအတွက်မှာ များပြားပြီး လက်ရှိဖုန်းလိုင်းပြတ်တောက်မှုအခြေနေကြောင့် အဆိုပါ မိသားစုဝင်များအားလုံးနီးပါးမှာ ကျပ်တည်းလျှက်ရှိနေကြရခြင်းဖြစ်သည်။
ဖုန်းလိုင်းပြတ်တောက်နေသည့် ရခိုင်တွင် ဒေသခံများမှာ နည်းအမျိုးမျိုးဖြင့် ဖုန်းလိုင်းရရှိနိုင်သည့် နေရာများကို လိုက်လံရှာဖွေလျှက်ရှိနေပြီး ဖုန်းလိုင်းရရှိသည့် နေရာများကို လမ်းစရိတ် ငွေကျပ် သိန်းချီအကုန်ကျခံ၍ သွားရောက် ဆက်သွယ်ကြရသည်များလည်း ရှိနေကြခြင်းဖြစ်သည်။