Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ရွေးကာက်ပွဲအတွက် အီလက်ထရောနစ် ဆန္ဒမဲပေးမှု သရုပ်ပြမှုကို ကြည့်နေစဉ်။

ဒီမိုကရေစီအစိုးရဖြုတ်ချပြီး မတရားအာဏာသိမ်းယူထားသည့် မြန်မာစစ်တပ် (စစ်ကောင်စီ) စစ်အုပ်စုအနေဖြင့် ပြည်လုံးကျွတ်ရွေးကောက်ပွဲအား ကျင်းပပိုင်ခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ကြသည်။

စစ်ကောင်စီ စစ်အုပ်စုသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဥပဒေမဲ့အဓမ္မဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူရန် ကြိုးစားနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

NUG နှင့် NUCC တို့ ပူးပေါင်းအဖွဲ့စည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီ က ဒီဇင်ဘာလ၂၄ ရက် ညမှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအပြင် ပြင်ပအင်အားစုတခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက်ခြယ်လှယ်အဆုံးအဖြတ်ပေးခြင်းကို လက်ခံမှာ မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာရေးသားထားသည်။

ပြည်သူလူထုကို လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အဓမ္မမဲထည့်ခိုင်းမယ့်အပြင် မသမာသည့် နည်းလမ်းပေါင်းစုံဖြင့် မဲစာရင်းနှင့် မဲရလဒ်များကို လိမ်လည်မည့် စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲသာဖြစ်ကြောင်း ပြောဆိုထားသည်။

ယင်းအပြင် ဂုဏ်သိက္ခာရှိပြီး လွတ်လပ်နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်သော အခြေအနေတို့ကြောင့်လည်း ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမည်ဟု လက်ခံထားကြသည်။

၂၀၂၅ တွင် ကျင်းပမည့် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဟုလည်း မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ပြောဆိုထားသည်။

မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းက ” စကစရဲ့ အတုအယောင်ရွေးကောက်ပွဲက တစ်တိုင်းပြည်လုံးက ပြည်သူတွေ အကျိုးဖြစ်မှာ မဟုတ်ဘဲ စစ်ကောင်စီနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်။ ဒါကြောင့်မို့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မပတ်သက်ဖို့ သတိပေးတိုက်တွန်းသွားမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပြည်သူတွေ အကျိုးအမြတ်မရှိတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နည်းပညာအရရော ငွေကြေးအရရောအထောက်အပံ့မပြုဖို့ တိုက်တွန်းသွားမှာပါ” ဟု ဆိုသည်။

အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများကိုလည်း စစ်ကောင်စီ၏ အပေါင်းအပါများအဖြစ် သတ်မှတ်ဆန့်ကျင်တိုက်ဖျက်မည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက သတိပေးထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းများ လက်ရှိ မျိုးဆက်ကာလတွင် ရပ်တန့်သွားရန်အတွက် အဆိုပါ ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းအားဖြင့် နိုင်ငံရေးထွက်ပေါက်မပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

နိုင်ငံတကာ ကလည်း အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအား အသိအမှတ်မပြုဘဲ နည်းပညာ၊ ငွေကြေးအစရှိသော မည်သည့် ကူညီမှုမျိုးကိုမှ မပြုလုပ်ရန် အလေးအနက် တိုက်တွန်းကြောင်း မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ