တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် အာဏာသိမ်း စစ်ကောင်စီက ဖိတ်ခေါ်သော်လည်း တော်လှန်ရေးအဖွဲ့များမှာ မျက်ကွယ်ပြုနေ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိတ်ကောက်နေသည်။
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
“နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရှမ်းမြောက် အခြေစိုက် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတို့အကြား ယခု ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂ ရက်အကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း စစ်တပ်က လားရှိုးမြို့ကို ပြန်ပေးရန် တောင်းဆိုရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြေမလည်ဖြစ်ကာ အဆုံးသတ်သွားခဲ့ကြသည်။
ယင်းအပြင် အခြားသော မြောက်ပိုင်းမဟာမိတ်တပ်ဖြစ်သည့် တအောင်းတပ် TNLA ၊ အာရက္ခတပ်တော် AA တို့နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း ပြေလည်မှုမရှိကြပေ။
ဆက်လက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တရုတ်ဝင်ရောက်ညှိနှိုင်းမှုရှိသော်လည်း အလုံးစုံပြေလည်မှုမရရှိသေးကြပေ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့များ၊ နယ်မြေများနှင့် နယ်စပ်ဂိတ်များကို စစ်ကောင်စီက တောင်းယူနေခြင်းနှင့် လက်နက်ချခိုင်းနေခြင်းတို့ကြောင့် ငြိမ်းချမ်းရေးမှာ ရှေ့မဆက်နိုင်ကြခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အာဏာသိမ်း စစ်ကောင်စီ၏ ငြိိမ်းချမ်းရေး ဖိတ်ခေါ်မှုမှာ အတုအယောင်သာဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိမည်မဟုတ်ဟု တာဝန်ရှိသူများက ပြောဆိုထားကြသည်။
ရခိုင်ပြည်က လွတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖေသန်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် အနှစ်သာရမပါသော အခွံသက်သက်သာဖြစ်ကြောင်း Western News ကို ပြောဆိုထားသည်။
“စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းဖိတ်ခေါ်မှုက ဘာတစ်ခုမှ အချက်အလက်တွေ မပါဘူး။ ဒီအတိုင်း စကားသက်သက်သာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကားဝိုင်းလာရင် သိမ်းပိုက်ထားတဲ့ မြို့တွေကို ပေးမှာလားဆိုတဲ့ အချက်မျိုးတွေ မပါတော့ ယုံကြည်မှုမရှိတော့ဘူးလေ” ဟု ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မိန့်ခွန်းတိုင်း၊ ထုတ်ပြန်တိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များအား လက်နက်စွန့်ခိုင်းနေသလို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုရှိသော်လည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ယုံကြည်မှုမရှိကြတော့ပေ။
တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးတို့တွင် စစ်ကောင်စီနှင့် စစ်အာဏာရှင်များ ကင်းစင်မှသာ မြန်မာနိုင်ငံအား စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအား တည်ဆောက်၍ရမည်ဟု ယုံကြည်ချက်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များမှာ စစ်ကောင်စီ အမြစ်ပြတ်ရေးအတွက် တိုက်ခိုက်နေကြသည်။
အာဏာသိမ်း စစ်ကောင်စီကမူ လက်ရှိစစ်ရေးပဋိပက္ခများ ပပျောက်ရေး သို့မဟုတ် ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲကို အကြောင်းပြုကာ နိုင်ငံရေးထွက်ပေါက်ကို ရှာဖွေနေသည်။
သို့သော်လည်း စစ်ကောင်စီ ကျင်းပရန် စီစဉ်နေသည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာ စစ်အုပ်စုက ဦးဆောင်ကျင်းပခွင့်မရှိကြောင်း NUG က ပြောကြားထားပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်နေကြသည်။