ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော ဂျေဂျူး (Jeju) လေကြောင်းလိုင်း၏ လေယာဉ်တစီးပေါက်ကွဲမှုမှာ ခရီးသည် ၁၇၃ ဦး သေဆုံးခဲ့ကြောင်း နောက်ဆုံးရ ကိုရီးယား သတင်းများက ဖော်ပြကြသည်။
ဘန်ကောက်မှ တောင်ကိုရီးရားနိုင်ငံ၊ မွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာသော Jeju လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစီးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လေယာဉ်ပြေးလမ်းခြံစည်းရိုးနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
Jeju လေကြောင်းလိုင်း၏ Boeing 737-800 လေယာဉ်၊ လေယာဉ်အမှတ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ၊ Muan အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဘီးများ ချမရဘဲ ဆင်းသက်လာစဉ် ပြေးလမ်းအဆုံး ခြံစည်းရိုးနံရံနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်ဆင်းသက်စဉ်တွင် ငှက်များနှင့်တိုက်မိပြီး ဘီးများချို့ယွင်းခဲ့ကာ ချမရဘဲ လေယာဉ်သည်လမ်းကြောင်းပေါ်မှ လွှဲချော်ကာ လေယာဉ်ကွင်းပြေးလမ်း ခြံစည်းရိုးအားတိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒေသအတွင်း သတင်းဌာနများက ဖော်ပြသည်။
ဂျေဂျူး (Jeju) လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး စီးနင်းလိုက်ပါလာပြီး ထိုင်းနိုင်ငံသားနှစ်ဦးနှင့် ကျန် ခရီးသည် ၁၇၃ ဦးမှာ ကိုရီးယားနိုင်ငံသားများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
နံနက် ၉ နာရီ ၄၆ မိနစ်တွင် မီးသတ်ဌာနမှ ယာဉ် ၃၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး ခရီးသည်တဦးနှင့် လေယာဉ်အမှုထမ်းတဦးသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကွမ်ဂျူမြို့ရှိ ဆေးရုံကြီးများသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
လေယာဉ်ပေါက်ကွဲမှုကြောင့် လက်ရှိတွင် လေဆိပ်ကို ပိတ်ထားပြီး ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး လုပ် ငန်းများကို တောင်ကိုရီးယား အာဏာပိုင်များက ဆောင်ရွက်လျက်ရှိကြောင်း ဒေသသတင်းဌာနက ရေးသားထားသည်။