Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရန်ကုန်တိုင်းတွင် စစ်ကောင်စီ၏ အထူးတပ်ဖွဲ့က စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်လူငယ် ၂၀ ဦးမထက် မနည်း ဖမ်းဆီး ခံလိုက်ရကြောင်း ဖမ်းဆီးခံရသည့် လူငယ်များမှာ လက်ရှိအချိန် ပြန်လည် လွတ်မြောက် လာခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်နှင့် သမိုင်း ဦးဘဟန်လမ်း၊ ဦးထွန်းရှီန်လမ်း က နေထိုင်သည့် ရခိုင်လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းအထဲမှ တစ်ချို့မှာ ကိုရီယား သို့ သွားရန် သင်တန်း တက်ရောက်နေသူများလည်း ပါဝင်ကြောင်း သိရသည်။

အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက “မနေ့က ရခိုင်လူငယ် ၂၀ လောက် အဖမ်းခံလိုက်ရတယ်။ အမှတ် ၂ ရပ်ကွက်နှင့် သမိုင်း ဦးဘဟန်လမ်း၊ ဦးထွန်းရှီန်လမ်း ကနေထိုင်တဲ့သူတွေ အကုန်ပါသွားတယ်။ သူတို့တွေက ကိုရီးယာသွားမှာမို့ ဒီမှာ သင်တန်းတွေ တက်နေကြတာပါ။ အကုန် လူငယ်လေးတွေပါပဲ”ဟုပြောသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ အထူးတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင်က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်နှင့် သမိုင်း ဦးဘဟန်လမ်း၊ ဦးထွန်းရှီန်လမ်း တို့ကို ဝင်ရောက် စစ်ဆေးခဲ့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ မုဒိတာ အိမ်ရာ ၁ အတွင်းတွင်လည်း အခန်းအားလုံးကို ဝင်ရောက် စစ်ဆေးပြီး ဧည့်စာရင်း တိုင်ထားသူမှန်သမျှကို ရပ်ကွက်ရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

မုဒိတာ အိမ်ရာ ၁ မှ ပြည်သူတစ်ဦးက “မုဒိတာ အိမ်ရာ ၁ ကိုတော့ အဝင်အထွက်တွေ ပိတ်ပြီး စစ်တာ။ ဒီမနက်မှ ပြန်သိရတာက အမှတ် ၂ ရပ်ကွက် တစ်ခုလုံးကို စစ်ဆေးတာ။ မသင်္ကာတဲ့အိမ်တွေဆိုရင် ခြင်ထောင်ပါလှန်စစ်တယ်။ ဆန်အိုးတွေ ဖွင့်ကြည့်တယ်။ လက်နက်ခဲယမ်း ရှာတာလို့ ပြောတယ်” ဟု ဆိုသည်။

မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက” မုဒိတာအိမ်ယာထဲက အများဆုံး အဖမ်းခံရတာ။ မော်တော်ပီကယ်ပါတယ်။ အရန်မီးသတ် အနည်းငယ်ပါတယ်။ စစ်ကားတွေ ရဲကားတွေ အရေးပေါ်ကားတွေရော အဆင်သင့် ထားတာ။ တံခါးပိတ်ထားတဲ့ အခန်းတွေကစ အကုန်ရိုက်ချိုးသွားတာ” ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လှိုင်သာယာ စက်ရုံမှ ညနေ ၅ နာရီအချိန်ခန့်တွင် အလုပ်မှ ဆင်းလာသည့် ရခိုင် လူငယ်နှစ်ဦး ဖမ်းဆီးခံရလိုက် ရပြီး လက်ရှိအချိန်အထိ အဆိုပါ လူငယ်နှစ်ဦးမှာ ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် မြောက်ဥက္ကမြို့နယ် ဌ ရပ်ကွက်မှ ရခိုင်လူငယ် ၇ ဦးကို ပြီးခဲ့သည့် ရက်ပိုင်းများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်ပေးဖို့အတွက် တစ်ဦးလျှင် ငွေကျပ် သိန်းချီပေးခဲ့ရကြောင်း မြောက်ဥက္ကလာ ရခိုင်အသိုင်းအဝိုင်းက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ