တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ပဋိပက္ခများကို လျော့ချနိုင်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့သည့် သဝဏ်လွှာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးရန် ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်ပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ကြောင်း စစ်ခေါင်းဆောင်ကပြောဆိုထားသည်။
လတ်တလောတွင် စစ်ကောင်စီ အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် တွေ့ဆုံဆွေးနွေးမှုရှိနေပြီး နှစ်ဖက်ဆွေးနွေးချက်များကို နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြု မှတ်တမ်းတင်ထားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
” တွေ့ဆုံဆွေးနွေးမှုတွေအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားပါတယ်။ ရှေ့ဆက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာပါ။ ဒီနေ့ နိုင်ငံတော်မှာ လိုအပ်လျက်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်က ကရင်တိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရပါမယ်” ဟု မင်းအောင်လှိုင်က ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရခိုင်ပြည် အမ်းမြို့နယ်က အနေပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က သိမ်းယူလိုက်ပြီးသည့် နောက်ပိုင်းပြောကြားခဲ့သော မိန့်ခွန်းများတွင် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရန် ဆက်တိုက်ပြောဆိုနေခြင်းဖြစ်သည်။
ပလက်ဝ အပါအဝင် ရခိုင်ပြည်အတွင်း မြို့နယ် ၁၅ မြို့နယ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင် AA ကလည်း ထုတ်ပြန်ထားသည်။
ဂွမြို့သိမ်းတိုက်ပွဲထုတ်ပြန်သည့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အာရက္ခတပ်တော် AA က စစ်ကောင်စီကို ယင်းကဲ့သို့ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် AA တို့မှာ အပြန်အလှန်ငြိမ်းချမ်းရေး ကမ်းလှမ်းနေကြသော်လည်း အမှန်တကယ်တွေ့ဆုံးဆွေးနွေးရေးကိစ္စရပ်များကို နှစ်ဖက်အပြန်အလှန် ပြောကြားခြင်းမရှိကြသေးပေ။
တစ်နှစ်အတွင်း မြန်မာစစ်ကောင်စီသည် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်များအပါအဝင် တပ်ရင်းပေါင်းများစွာ၊ နယ်စပ်ဂိတ်စခန်းပေါင်းများစွာကို အသိမ်းခံထားရသည်။
နွေဦးတော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များက အာဏာသိမ်း စစ်ကောင်စီထံမှ မြို့ပေါင်း ၉၁ မြို့ထိကို သိမ်းယူထားနိုင်ကြပြီဖြစ်သည်။