အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သား အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများက အာရက္ခတပ်တော် AA ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အသီးသီးထုတ်ပြန်ထားကြသည်။
နိုင်ငံတစ်ဝှမ်းအကြမ်းဖက်မှုကို နေ့စဉ်ကျူးလွန်နေသည့် စစ်အုပ်စုအား တော်လှန်တိုက်ခိုက်နေသည့် AA ကို အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်း ၂၀ ကျော်က ကန့်ကွက်စာ ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ အဖွဲ့အစည်းများ၏ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည့် အကြောင်းအရာများမှာ တူညီနေကြပြီး သေချာဆန်းစစ်ခြင်းမရှိသော သတင်းကို မျှဝေနေကြသည်။
အာရက္ခတပ်တော် AA သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီး မြေကျင်းတူးကာ သတ်ဖြတ်ခြင်း၊ တပ်မိသားစုဝင်များနှင့် ကလေးငယ်များအား လိုက်ပါလာသော သင်္ဘောအား နစ်မြှုပ်စေခြင်းနှင့် အဆိုပါလုပ်ရပ်များကို အွန်လိုင်းပေါ် မျှဝေနေသည်ဟုဆိုကာ စစ်ကောင်စီဘက်တော်သား အဖွဲ့အစည်းများက စွပ်စွဲဖော်ပြထားကြသည်။
ထိုကဲ့သို့ ထုတ်ပြန်ခဲ့ကြသော အဖွဲ့အစည်းများမှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်) တို့ ပါဝင်သည်။
ယင်းအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) တို့လည်း ပါဝင်ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။
အာရက္ခတပ်တော် AA က ယင်းကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေခြင်းသည် စစ်ရာဇဝတ်မှု War Crime မြောက်ကြောင်းနှင့် လူမဆန်စွာရက်စက်မှုများကို လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
အာရက္ခတပ်တော် AA ကမူ အဆိုပါ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများ၏ သဘောထားအပေါ် ပြန်လည်တုန့်ပြန် ပြောဆိုခြင်းများမရှိသေးပေ။
အာရက္ခတပ်တော် AA သည် ရခိုင်ပြည်ထဲ မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၄ ခုကို သိမ်းပိုက်ထားပြီး ပလက်ဝအပါအဝင် ၁၅ ခုကို သိမ်းပိုက်ထားကာ အာဏာသိမ်း စစ်ကောင်စီအား ငြိမ်းချမ်းရေးစကားပြောရန် ကမ်းလှမ်းထားသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ စသည့် ၃ မြို့နယ်တွင် မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး အရှုံးကို လက်ခံရန်လည်း သုံးသပ်သူများက ပြောဆိုနေကြသည်။