ရခိုင်တွင် ယခု ၂၀၂၄ ခုနှစ်စိုက်ပျိုးသည့် ဆောင်းသီးနှံများမှာ စျေးကောင်းရရှိနေကြောင်း ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
ယခုနှစ် ဆောင်းသီးနှံများမှာ ယခင်နှစ်များထက် အနည်းငယ်ခန့်စျေးပိုရနေပြီး တချို့သီးနှံများဆိုလျှင် ယခင်နှစ်များထက် ၂ ဆခန့် စျေးပိုရနေခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ်မှ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။
“ဒီနှစ်တော့ သီးနှံတွေနည်းနည်းစျေးကောင်းရနေပါတယ်။ တချို့သီးနှံတွေက စျေးနည်းနည်းပဲပိုတယ်။ တချို့ကျတော့ ၂ ဆ၊ ၂ ဆ ကျော်လောက်စျေးပိုရနေတာတွေရှိတယ်။ အဓိက ငရုတ်ဟာ ဒီနှစ်စျေးကောင်းအရဆုံးဖြစ်နေတယ်” ဟုပြောသည်။
ဆောင်းသီးနှံများ ပြီးခဲ့သည့်နှစ်များက ၂၅၀၀ ကျပ်သာရှိခဲ့သည့် ရိုးရိုးငရုတ်သီး ၁ ပိဿကို လက်ရှိ ၁၀၀၀၀ ကျပ်၊ ကျပ် ၁ သောင်းဝန်းကျင်သာရှိခဲ့သည့် ကျောက်စိမ်းငရုတ်သီး ၁ ပိဿကို လက်ရှိ ၆ သောင်းကျပ်၊ ၁၈၀၀၀ ကျပ်သာရခဲ့သည့် မြေပဲ ၁ တောင်းကို လက်ရှိ ၂၂၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်သာရခဲ့သည့် ပြောင်းဖူး ၁၀၀ ကို လက်ရှိ ၈၀၀၀၀ ကျပ်၊ တစ်ပွင့် ၅၀၀ ကျပ်သာရခဲ့သည့် ကော်ဖီပွင့် တစ်ပွင့်ကို လက်ရှိ ၁၅၀၀ ကျပ်စသည်ဖြင့် အသီးသီးရှိနေခြင်းဖြစ်သည်။
ဆောင်းသီးနှံများမှာ ယခင်နှစ်များထက် ယခုနှစ်အတွင်းစျေးကောင်းရနေသော်လည်း စိုက်ပျိုးစရိတ်နှင့်ယှဉ်လျှင် အဆင်မပြေကြောင်းလည်း ဆောင်းသီးနှံစိုက်ပျိုးသူများကဆိုကြသည်။
“သီးနှံတွေက ဒီနှစ်စျေးကောင်းရတာတော့ဟုတ်တယ်။ ဒါပေမယ့် စိုက်ပျိုးရတဲ့ စရိတ်ကလည်း အရင်နှစ်တွေထက်အဆများစွာပိုနေတယ်လေ။ မျိုးစေ့ကအစ ပိုးသတ်ဆေးအဆုံး စျေးအရမ်းကြီးတယ်။ ခုရလာတဲ့ သီးနှံစျေးနဲ့ဆိုရင် သိပ်တောင်မကာမိဘူး။ ဒီကြားထဲစိုက်ခင်းကပျက်စီးတာတွေရှိရင် အရှုံးပေါ်တယ်” ဟုပြောသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှုအတွက်လိုအပ်သည့် မျိုးစေ့များမှာ ပြီးခဲ့သည့်နှစ်များထက် ၂ ဆမှ ၅ ဆအထိမြင့်ခဲ့ပြီး မြေသြဇာများမှာလည်း ၅၀ Kg တစ်အိတ်ကို ကျပ် ၆ သိန်းမှ ၈ သိန်းခန့်အထိရှိနေခဲ့ကာ ပိုးသတ်ဆေးတစ်ဗူးကိုလည်း ၁ သိန်းကျော်အထိစျေးရှိနေခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင် ဆောင်းသီးနှံကို ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားဖက်တို့တွင်အဓိကစိုက်ပျိုးကြခြင်းဖြစ်ပြီး စိုက်ပျိုးသည့် သီးနှံများမှာ မြေပဲ၊ ငရုတ်၊ ပြောင်း၊ ပဲ၊ ခရမ်း၊ ဖရုံ၊ မုံညင်း၊ မုန်လာဥဖြူ၊ ဂေါ်ဖီပွင့်၊ ဂေါဖီထုပ် စသည်ဖြင့်စိုက်ပျိုးကြပြီး အဆိုပါသီးနှံများကို ဆောင်းရာသီတစ်ခုတည်းတွင်သာ စိုက်ပျိုးကြခြင်းဖြစ်သည်။