၁၀ နှစ်တစ်ကြိမ်စီ ကောက်ခံလေ့ရှိသည့် မြန်မာ့လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ကောက်ခံခဲ့ပြီး ရှေးပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းတွက်ချက်မှုအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ ဒသမ ၃ သန်းကျော်ရှိပြီး လွန်ခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ဟု စစ်ကောင်စီက ဆိုသည်။
လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုသည့် အကြောင်းရင်း(၃)ရပ်ကြောင့် ဖြစ်သည့်အတွက် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်တွင် အကြောင်းရင်းကို လေ့လာဖော်ထုတ်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ပြီး လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူခဲ့သည်။
သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ ဒေသအစုံကို သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။
ထိုကြောင့် အာဏာသိမ်း စစ်ကောင်စီသည် ခန့်မှန်းတွက်ချက်ကာ မြန်မာ့လူဦးရေကို ၅၁ ဒသမ ၃ သန်းကျော်ရှိကြောင်း ရှေ့ပြေးစာရင်း ဦးစွာထုတ်ပြန်ပြီးနောက် အစီရင်ခံစာ အချောသတ်ကို ယခု ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်ထုတ်ပြန်သွားမည်ဟု ဆိုသည်။
“ယင်းစာရင်းမှာ သန်းခေါင်စာရင်းကောက်ယူရရှိသည့် လူဦးရေ ၃၂၁၉၁၄၀၇ ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်းလူဦးရေ ၁၉၁၂၅၃၄၉ ဦးတို့ဖြစ်ပါကြောင်း” စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၁၄ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် လူဦးရေအနည်းဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာ့လူဦးရေမှာ ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအရ ၇ ဒသမ ၇ သန်းသာရှိပြီး ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၂၁ခုနှစ်တွင် ၁၃ ဒသမ ၂သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃သန်းအထိ တိုးမြင့်လာသည်။
၂၀၁၄ ခုနှစ်တွင်လည်း ၅၁ ဒသမ ၅ သန်းရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းတွက်ချက်မှုအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ ဒသမ ၃ သန်းကျော်ဖြစ်ခြင်းကြောင့် လွန်ခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ကို တွေ့ရပါကြောင်း အာဏာသိမ်း စစ်ကောင်စီက ခန့်မှန်းပြောဆိုထားသည်။