Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၁၂ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့လယ်မှ ဆန္ဒပြသူများကို တွေ့ဆုံစကားပြောနေသော ဦးမြအေး (ဓာတ်ပုံ - EPA)

နိုင်ငံရေးပါတီများကလွဲပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုများ ငွေဆောင်မှာ မြန်မာနိုင်ငံရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ အချက် ၇ ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးသမား ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးက Mizzima နှင့် မေးမြန်းခန်းတစ်ခုတွင် ပြောဆိုခဲ့သည်။

မည်သည့်ရက်၊ မည်သည့်လတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို ဦးမြအေးက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းက ဆွေးနွေးခဲ့ကြကြောင်း ခန့်မှန်းရသည်။

“ဘယ်သူပါလဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ ပါပါတယ်။ ဆိုလိုချင်တာက နိုင်ငံရေးပါတီတချို့ကလွဲလို့ပေါ့နော်။ နိုင်ငံရေးပါတီများက လွဲလို့ပေါ့။ နိုင်ငံရေးမှာ စဥ်ဆက်မပြတ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ ရင့်တဲ့ နိုင်ငံရေးသမားတွေ ပါပါတယ်။ ကျန်တဲ့ ကျနော်တို့ ၉၆, ၉၈ မျိုးဆက်တွေ၊ ၈၈ မျိုးဆက်တွေ အစရှိသဖြင့် ပါပါတယ်။ နာမည်တွေကတော့ ပြောလို့မရဘူး။ အဲတော့ ငွေဆောင်မှာ ကျနော်တို့ တွေ့ကြတယ်။ တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဘယ်လိုထွက်ကြမလဲ။ ဘယ်လိုထွက်ကြအောင် လုပ်မလဲဆိုတဲ့အခါမှာတော့ အခြေခံအားဖြင့် ၇ ချက်ကို ရပါတယ်” ဟု ပြောသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန်၊ သက်ဆိုင်သည့် စတိတ်ဟိုဒါများပါသည့် ဆွေးနွေးပွဲများလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရန်၊ စစ်ပွဲများရပ်တန့်ရန်၊ နိုင်ငံတကာ၏ ကူညီပါဝင်ဆောင်ရွက်မှု၊ အသွင်ကူးပြောင်းရေးကာလ သတ်မှတ်ရန်နှင့် ကြားကာလ စီမံခန့်ခွဲရေး ယန္တရားတခု ဖွဲ့စည်းရန်တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

“ဒီအချက်တွေကို ကျနော်တို့ ဘက်အသီးသီးမှာရှိတဲ့ အားကုန်လုံးကို ပေးပို့ပြီးတော့မှ ပြောပါတယ်။ ဆွေးနွေးမှုတွေနဲ့ တွန်းအားပေးနေပါတယ်” ဟု ပြောသည်။

ဦးမြအေးအပါအဝင် ပြည်တွင်းက မြေပေါ်နိုင်ငံရေးအင်အားစုများအနေဖြင့် ပြီးခဲ့သည့် လပိုင်းခန့်က ကလောမှာ တွေ့ဆုံးဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်မရရှိခြင်းတို့ကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။

ယင်းကဲ့သို့ ခွင့်ပြုချက်မရရှိ၍ ဆွေးနွေးပွဲ ပျက်သွားရခြင်းသည် တိုင်းပြည်အပေါ် အမှန်တကယ် ကောင်းရာကောင်းကျိုး လုပ်ပေးနေသူများအတွက် တိုင်းပြည်ဖွံ့ဖြိုးရေးမှာ နည်းနည်း နှောင့်နှေးကြန့်ကြာသွားကြောင်း ဦးမြအေးက ထောက်ပြထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ