ရခိုင်မှာ ယခုနှစ်အတွင်း ကွမ်းသီးများစျေးကောင်းရရှိနေကြောင်း ကွမ်းသီးစိုက်ပျိုးသူများထံမှ သိရသည်။
ယခုနှစ် ကွမ်းသီးတစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၂၅၀၀၀၀ ခန့် စျေးရှိနေပြီး ပြီးခဲ့သည့်နှစ်ကထက် ၅ ဆခန့်စျေးပိုရနေခြင်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူတစ်ဦးက ပြောသည်။
“ဒီနှစ် တစ်မောင်းကို ကျပ် ၂၅၀၀၀၀ လောက်ရနေပါတယ်။ အရင်နှစ်ကတော့ ၅ သောင်းလောက်ပဲရခဲ့တယ်။ စျေးကောင်းနေတော့ အဆင်ပြေတာပေါ့လေ” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်များက ကွမ်းသီးစျေးနှုန်းမှာလည်း တစ်မောင်း(၂၅ ပိဿာ) ကို ကျပ် ၅ သောင်းမှ ၁ သိန်းခန့်အထိသာ အများဆုံးရရှိကြကာ ယခုနှစ်အတွင်းတွင်မူ စျေးအများဆုံးရရှိနေခြင်းဖြစ်သည်။
ကွမ်းသီးစျေးကောင်းရနေခြင်းမှာ ကွမ်းသီးအထွက်နှုန်းကျဆင်းမှုကြောင့်လည်းဖြစ်သည်ဟု ကွမ်းသီးခြံစိုက်ပျိုးသူများကဆိုကြသည်။
“မိုခါမုန်တိုင်း နောက်ပိုင်း အထွက်နှုန်းတွေက အရင်လိုမကောင်းတော့ဘူး။ ပြီးတော့ အပင်တွေလည်း တော်တော်ဆုံးရှုံးခဲ့ရတယ်လေ။ အခုလိုစျေးရနေတာက ကွမ်းသီးအထွက်နှုန်း အရင်ထက် နည်းတာကြောင့်လည်း ပါပါတယ်” ဟုဆိုသည်။
ကွမ်းသီးပင်များမှာ မြေနုရှိကျွန်းဒေသများတွင် အဓိကဖြစ်ထွန်းကြပြီး ကွမ်းသီးစိမ်းများကို စက်တင်ဘာလထဲတွင် စတင်ဆွတ်ခူးကြကာ အခြောက်လှန်းပြီး ရောင်းချကြခြင်းဖြစ်သည်။
ရခိုင်တွင် ကွမ်းသီးပင်ကို မြောက်ဦးနှင့် မင်းပြားမြို့နယ်တွင် အဓိက စိုက်ပျိုးကြသည်။
ရခိုင်တွင် ကွမ်းသီးကို ဒေသတွင်းသာ အဓိကရောင်းချမှုရှိခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထဲကမူ ကွမ်းသီးစိမ်းများကို တရုတ်ဖက်မှ ဝယ်ယူမှုရှိခဲ့မှုကြောင့် ကွမ်းသီစိမ်းများရောင်းအားကောင်းခဲ့သည်။
နောက်ပိုင်းနှစ်များတွင် ကွမ်းသီးစိမ်းစျေးကွက်ရပ်တန့်ကာ ကွမ်းသီးခြောက်ကိုသာ ဒေသတွင်းရောင်းချမှုဖြင့် ကွမ်းသီးခြံများ ဆက်လက်ရပ်တည်နေကြခြင်းဖြစ်သည်။