Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- စစ်ကောင်စီယာဉ်တန်းနှင့် ပုသိမ်-ရန်ကုန် ပြေးဆွဲနေသည့် ကုန်ကားကြီးများအားတွေ့ရစဉ်။ ဓါတ်ပုံ- CJ

ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီ မကျီးဇင်ဒေသဘက်ကို လက်နက်များနှင့် စစ်ကူအင်အားများ ပေးပို့ရန် အာဏာသိမ်း စစ်ကောင်စီသည် ပုသိမ်-ရန်ကုန် ပြေးဆွဲနေသည့် ကုန်ကားကြီးများကို တစ်ရက်မှာ အနည်းဆုံး ၄ စီးဖြင့် ပေါ်တာဆွဲနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကုန်ကားလုပ်ငန်းရှင်များက စစ်ကောင်စီ တောင်းယူသည့် ကားများကို ထုတ်မပေး၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်သို့သွားရောက်မည့် ပုသိမ်က ကုန်ကားကြီးများကို စစ်ကောင်စီသည် ထွက်ခွင့်ပိတ်ပင်ထားခဲ့သည်။

ပုသိမ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ပြီးခဲ့တဲ့ ၃ ရက်လောက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဟာ ကုန်ကားသမားတွေ အားလုံးကို ခေါ်ယူသတိပေးပါတယ်။ တစ်ရက်မှာ ကုန်ကားအနည်းဆုံး ၄ စီးပေးရမယ်။ ဂွနဲ့ မကျီးဇင်ဘက်ကို စစ်သားတွေ တင်ပြီး ပို့ပေးရမယ်။ မပို့ပေးရင် မင်းတို့အလုပ်တွေ လုပ်ခွင့်မပေးဘူးလို့ ခြိမ်းခြောက်ပြောပါတယ်။ ကုန်ကားပိုင်ရှင်တွေကလည်း လုပ်ငန်းတွေ ပိတ်မှာစိုးလို့ စစ်ကောင်စီတောင်းတဲ့အတိုင်းပဲ လုပ်ပေးနေရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ တပ်သား ၅၀ ခန့်ကို တင်ဆောင်ပြီး မကျီးဇင်ဘက်သို့ ပို့ဆောင်ပေး၍ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်မြို့သို့ ပြန်ရောက်လာသူတစ်ဦးက ယခုလိုပြောသည်။

“ကုန်ကားတွေက အလှည့်ကျ စစ်ကောင်စီပို့ခိုင်းတဲ့နေရာကို ပို့ပေးရပါတယ်။ ကျနော်က မနေ့က မကျီးဇင်ဘက်ကို ပို့ပေးရပါတယ်။ စစ်သား ၅၀ လောက်ပါပါမယ်။ လက်နက်တွေ၊ ရိက္ခာတွေ အပြည့်အစုံပေါ့။ လိုက်မပို့ချင်ပေမယ့် ကုန်ကားပိုင်ရှင်က ခိုင်းတော့လေး လိုက်ပို့ပေးရတာပေါ့။ ကျနော့်မှာလည်း မိသားစုစားဝတ်နေရေးရှိသေးတော့လေ။ ကောင်းကောင်းမွန်မွန်တော့ အိမ်ပြန်ရောက်လာပါတယ်။ ဒါပေမယ့် စစ်ဖြစ်နေတဲ့ နေရာကို သွားရတော့ အရမ်းကြောက်တာပေါ့ဗျာ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ကုန်ကားများကို အနည်းဆုံး ပေ ၁၆ ပေအထက်ရှိ ကုန်ကားကြီးများကိုသာ အဓိက ခေါ်ယူပြီး ယခုလ ၁၀ ရက်နေ့တွင် ငါးသိုင်းချောင်းဘက်ကနေ ဂွမြို့သို့ သွားရောက် ကုန်ကား အနည်းဆုံး ၄ စီးဖြင့် ပြင်ဆင်ထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ကုန်ကားမောင်းသူများနှင့် ကုန်ကားပိုင်ရှင်များမှာ လုပ်ငန်းများ ပိတ်သိမ်းခံရမည်ကိုစိုးရိမ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုင်းစေသည့်အတိုင်း ပေါ်တာဆွဲခြင်းကို ခံနေရသည်ဟု သိရသည်။

ရခိုင်ပြည်အတွင်းက ၁၇ မြို့နယ်ထဲတွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်ကလွှဲပြီး ကျန်မြို့နယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားကာ မြို့နယ်များတွင်လည်း AA တပ်ဖွဲ့ဝင် အများအပြားဖြင့် နေရာချပေးထားသည်။

စစ်ကောင်စီဖက်က သိမ်းပိုက်ခံထားရသည့် မြို့နယ်များ ပြန်လည် ရရှိရေး ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းများမှာတစ်ဆင့် လက်နက်ခဲယမ်းများနှင့် လူအင်အား အင်အားအများဖြင့် ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရေးမြစ်က ပြောဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ