ရခိုင်ပြည်အတွင်းက စစ်ရှောင်ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေကျပ် ၁၂၄.၃ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း NUG က ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အမှန်တကယ်လိုအပ်နေသော ပြည်သူများအား NUG က ငွေကျပ်ပေါင်း ၇.၇ ဘီလီယံကို ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်စစ်ရှောင်ပြည်သူအတွက် ၁၂၄ သန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ မှ ဒီဇင်ဘာလ ၃၁ အထိ (တစ်နှစ်တာအတွင်း) တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူသို့ ထောက်ပံ့လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။
NUG သည် ရခိုင် အပါအဝင် ချင်း၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကရင်နီ၊ မွန်၊ ကချင်၊ ရှမ်း၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တနင်္သာရီနှင့် ကရင် စသည့် ဒေသများကို လူသားချင်းစာနာထောက်ထားပံ့မှုများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူအတွက် ငွေကျပ် (၅,၀၇၃) သန်း၊ ပြည်သူများအတွက် စားနပ်ရိက္ခာ ကြိုတင်စီစဉ်မှု ငွေကျပ် (၃၀) သန်း၊ CDM ဝန်ထမ်းများအတွက် အရေးပေါ် လူသားချင်း စာနာမှုအကူအညီအဖြစ် ငွေကျပ် (၈၀.၃) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆) သန်း တို့ကို ထောက်ပံ့ခဲ့သည်။
ဆက်လက်ပြီး ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ အတွက် ငွေကျပ် (၄၄၅) သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၁,၂၉၅) သန်း၊ ထိခိုက်လွယ် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများ ငွေကျပ် (၄.၅) သန်းနှင့် အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၆၉၁) သန်းတို့ကိုလည်း ထောက်ပံ့ခဲ့သည်။
ဘက်ပေါင်းစုံ အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ စဥ်ဆက်မပြတ် ပါဝင်တော်လှန်နေကြသည့် ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့် စိတ်ဓါတ်များကို လေးစားဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပြောဆိုထားသည်။