ပြည်မနှင့် အဆက် ပြတ်တောက်နေသည့် ရခိုင်ပြည် မြို့နယ်များတွင် ဆေးဝါးပြတ်လပ်သည့် ပြဿနာကို ဆက်လက်ကြုံတွေ့ နေကြရဆဲ ဖြစ်ပြီး ဆေးဝါးများမှာလည်း အဆမတန်ဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။
ယင်းကဲ့သို့ ဆေးဝါးပြတ်လပ်မှုပြဿနာကြောင့် ကုသရေးပိုင်းများတွင် များစွာအခက်ခဲ ဖြစ်ပေါ်နေရပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများ သေဆုံးသည်များလည်း ရှိနေကြောင်း တာဝန်ကျ သူနာပြုတစ်ဦးက ပြောသည်။
“ဆေးပြတ်တာတွေက ရှိနေဆဲပါပဲ။ ဆေးရုံသုံးဆေးတွေက ပြတ်လပ်နေတာပါ။ လူနာရှင်တွေကို ဒီဆေးတွေ လိုတယ်လို့ ရေးပေးပြီး ရှာခိုင်းလိုက်ရင် သူတို့မှာ တစ်မြို့ပြီးတစ်မြို့ ပတ်ရှာကြရတယ်။ ဟိုတစ်လောက ဝမ်းသွားပြီး အန်တဲ့ အသက် ၁ နှစ်အရွယ် ကလေးတစ်ယောက်ဆို လိုအပ်တဲ့ ဆေးရှာမရတော့လို့ အသက်ဆုံးရှုံးခဲ့ရတယ်” ဟု ပြောသည်။
ပြတ်လပ်သည့် ဆေးဝါးများမှာ ဆေးရုံသုံး ဆေးဝါးများဖြစ်ပြီး အဆုပ်ရောဂါ၊ ဝမ်းရောဂါ၊ အသက်ရှုလမ်းကြောင်းပြဿနာ၊ ဆီးနှင့် တစ်ခြားရောဂါဆိုင်ရာ ဆေးဝါးအမျိုးမျိုး ပါဝင်ကြောင်း ဆေးရုံအသိုင်းဝိုင်းမှ သိရသည်။
ပြီးခဲ့သည့်နှစ်များမှစ၍ ရခိုင်ပြည်နှင့် ပြည်ပ လမ်းကြောင်းများ ပိတ်ဆို့ခံရစဉ်ကစ၍ ဆေးဝါးပြတ်လပ်မှု ပြဿနာကို ရခိုင်ဒေသတွင် အဓိက ကြုံတွေ့နေခဲ့ကြရပြီး အဆိုပါပြဿနာမှာ နှစ်ရှည်ကြာ မြင့်နေခဲ့ပြီလည်းဖြစ်သည်။
ရခိုင်က ဆေးရုံးများတွင် ဆရာဝန်၊ သူနာပြုအကူနှင့် အရေးပေါ် ခွဲစိပ်ကုသမှုပိုင်းတွင် ဆေးဝါးအကူအညီများ မလုံလောက်ခြင်း ကြုံနေရပြီး လက်ရှိအခြေအနေတွင်လည်း လူနာများအတွက် သွေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိနိုင်သေးကြောင်း သိရသည်။
လက်ရှိ ရခိုင်တွင် ဆေးဝါးပြတ်လပ်များမှုကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးဘဲ ရခိုင်ပြည် မြို့နယ်အများအပြားတွင် အရေးပေါ်ဆေးဝါးများသည်လည်း ပြတ်လပ်နေဆဲ ဖြစ်ကြောင်း ဆေးဆိုင် အရောင်းပိုင်ရှင်တစ်ဦးကလည်း ပြောသည်။
“ပြတ်နေတဲ့ ဆေးတွေကတော့ အများကြီးပါပဲ။ ဘယ်မှာမှ ရှာမရဘူး။ ဆေးကတော့ တစ်ခြားကုန်တွေလို မှောင်ခိုလမ်းတွေက ချကြတာပဲ ဘာလို့ပြတ်ရတာလဲဆိုရင် မှောင်ခိုလမ်းကြောင်းဆိုတော့ ဆေးကအရင်လို သိတတ်နားလည်တဲ့သူတွေပဲ သယ်လာနေကြတာမဟုတ်တော့ဘူး။ စားကုန်ရောင်းတဲ့သူတွေလည်း ဆေးဝယ်လာကြတာပဲ။ အရင်က ပြင်ပအလုပ်တွေလုပ် အခုအလုပ်မရှိတော့ ဆေးကုန်တွေသယ်လာကြတယ်။ သူတို့သိတဲ့ဆေးတွေပဲကို ဖိဝယ်ပြီးသယ်လာကြတော့ တကယ်ရောဂါအတွက် လိုအပ်တဲ့ဆေးတွေက ရှာမရတော့ဘဲ ပြတ်နေရတာ” ဟု ပြောသည်။
တိုက်ပွဲများကြောင့် ပြည်မနှင့်ဆက်သွယ်သည့် ကုန်စည်လမ်းကြောင်းများ ပြတ်တောက်သွားရသည့် ရခိုင်ဒေသတွင် ရှိနေသည့်ဆေးဝါးများမှာလည်း မူလစျေးနှုန်းထက် အဆမတန်မြင့်မားလျက်ရှိနေဆဲလည်းဖြစ်သည်။