Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- မောင်တောကုန်သွယ်ရေးစခန်းတစ်နေရာ (ဓာတ်ပုံ - ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်း

(ကြက်သွန်နီ နှစ်လုံးကို ကျပ် ၅၀၀ နှင့်အထက်ကိုပေးပြီး ဝယ်ယူနေရ)

အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်မှာ တစ်ရက်ထက်တစ်ရက် ပိုပိုဆိုးရွားလာပြီး ကြပ်မတ်ရန်လိုအပ်နေ ကြောင်း ဒေသခံများမှ ပြောသည်။

ကုန်ပစ္စည်းသယ်သူများနှင့် ဈေးဆိုင်သည်များမှာ သတ်မှတ်ထားသော ဈေးနှုန်းများမရှိဘဲ အခြေအနေအပေါ်မူတည်ပြီး ဈေးမြှင့်တင်ရောင်းချခြင်းကြောင့် ရခိုင်လွတ်မြောက်နယ်မြေက ကုန်ဈေးနှုန်းများမှာ ကျလာခြင်းမရှိဘဲ တက်လာသည်ကိုပဲ တွေ့ရသည်ဟု ရသေ့တောင်ဒေသခံ တစ်ဦးက ပြောသည်။

“ကုန်သည်တွေရော၊ ဈေးဆိုင်သည်တွေရော လူအခြေအနေကြည့်ပြီး ကြုံရင်ကြုံသလို ဈေးမြှင့်တင် ရောင်းကြတယ်။ ဦးရာလူစနစ်နဲ့ ဈေးမြှင့်တင်ရောင်းနေကြတယ်။ ပစ္စည်းတစ်ခုကို ဈေးကွက်မှာ ဈေးဆိုင်ခန်းမှာ အရင်ဆုံး ရောင်းနိုင်တဲ့ ကုန်သည်တွေက ဈေးအကြီးကြီးနဲ့ ရောင်းသွားတယ်။ ဈေးဆိုင်တွေကလည်း မြှင့်လိုက်ကြတယ်။ အဲဒီမှာ ဈေးတွေကြီးရော။ သတ်သတ်မှတ်မှတ်ဈေးမရှိဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ဒါကို အလေးထားတာမတွေ့ရဘူး” ဟု ပြောသည်။

ဆီ၊ ကြက်သွန်နီ/ဖြူ၊ ဟင်းချိုမှုန့် စသည့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များ၊ ဆေးဝါးများမှာ ဈေးမြင့်တက်နေဆဲဖြစ်ပြီး ULA/AA ၏ အုပ်ချုပ်ရေးအဖွဲ့က သေချာကြပ်မက်ခြင်းမရှိခြင်းကြောင့်ဟု ထောက်ပြသူတစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းကြီးနေတာ အရမ်းကြာနေပြီ။ အခုထိ တည်ငြိမ်တဲ့ ဈေးနှုန်းတစ်ခုကို မလုပ်ပေးနိုင်သေးဘူး။ ပြည်သူတွေက ကုန်ဈေးနှုန်းကြောင့် တော်တော် ဒုက္ခရောက်နေရပါတယ်။ ကြက်သွန်နီ နှစ်လုံးကို ကျပ် ၅၀၀ ပေးနေရပြီ ဘယ်လို ရေရှည်မှာ ဘယ်လို စားသောက်နေထိုင်ကြမလဲ။ အခု ဖုန်းလိုင်း၊ အင်တာနက်ကလည်းမရ နိုင်ငံခြားက အမျိုးသားဆီကလည်း ပိုက်ဆံမဝင်ဘူး။ ရှိတဲ့ဟာနဲ့ အဆင်ပြေသလို စားသောက်နေထိုင်နေရတယ်။ ကြာရင် ထမင်းငတ်ဖို့ပဲ ကျန်တော့တယ်” ဟု ပြောသည်။

စားသုံးဆီ တစ်ပိဿာ ကျပ် ၂၅၀၀၀ ကျော်၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ အတွင်း၊ ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၃၀၀၀၀ နီးပါး စသဖြင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေပြီး အဝတ်အထည်များမှာလည်း ၃၀၀၀ ဝန်းကျင် ဝတ်စုံတစ်စုံကို ၃၀၀၀၀ ဝန်းကျင်ပေးနေရကြောင်း သိရသည်။

ထို့အပြင် ဒေသထွက် ငရုပ်သီးခြောက် တစ်ပိဿာ ကျပ် ၄၂၀၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၁၈၀၀၀၊ အိန္ဒိယ ဆီ တစ်လီတာ ကျပ် ၁၂၀၀၀နှင့် အာလူး တစ်ပိဿာ ကျပ် ၈၀၀၀ ကနေ ၁၀၀၀၀ ကြား၊ ကြက်သား တစ်ပိဿာ ကျပ် ၇၂၀၀၀ အထိ ရှိနေကြောင်း သိရသည်။

လွတ်မြောက်နယ်မြေက ကုန်သည်များမှာ အိန္ဒိယ၊ စစ်ကိုင်း၊ ရန်ကုန် (ရေကြောင်း)နှင့် ချင်းပြည်က တစ်ဆင့် ကုန်သွယ်မှုပြုလုပ်ကြပြီး ကုန်သည်များထဲတွင် အာရက္ခတပ်တော် AA ၏ နယ်မြေတာဝန်ရှိသူများ၏ ဇနီးများ ပါဝင်ပတ်သက်နေပြီး ကုန်နှင့် ကုန်ဈေးနှုန်းများကို ချုပ်ကိုင်ထားကြောင်း ဒေသခံအချို့က Western News ကို ပြောဆိုထားကြသည်။

“အခု ရခိုင်မှာ အလုပ်အဖြစ်ဆုံးက ကုန်ချတာပဲ။ ဘယ်ကုန်ပဲချချ စီးပွားဖြစ်ကြတယ်။ အရမ်းမြတ်ကြတာကို။ ကျပ်သိန်း ၅၀၀ ရင်းနှီးရင် ကျပ်သိန်း ၁၀၀၀ လောက်ကို မြတ်တာ။ ကုန်ချတဲ့အထဲမှာ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲတွေရဲ့ ဇနီးမယားတွေ ပါကြတယ်။ ရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့် စသဖြင့်ပေါ့။ နိုင်ငံရေးမှူးတွေရဲ့ ဇနီးမယားတောင်ပါကြတာရှိတယ်” ဟု နေရပ်နှင့် အမည်မဖော်လိုသေည့် ဒေသခံတစ်ဦးက ပြောသည်။

Western News မှ စုံစမ်းတွေ့ရှိအချက် ချင်းပြည်နယ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ရရှိရေး အတွက် အာရက္ခတပ်တော် AA ၏ နယ်မြေတာဝန်ရှိသူများကို အောက်ဈေးဖြင့် သိန်းချီပေးနေရကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ပေးနေရာမှုအတွက်ကြောင့် တစ်ဖက် ကုန်စည်များမှာ မြင့်တက်လာခြင်းဖြစ်ပြီး ယင်းကဲ့သို့ နယ်မြေတာဝန်ရှိသူများ လုပ်ဆောင်နေမှုများ ကြပ်မတ် အရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။

“ပြည်မဖက်ကို ဘယ်မှ ကုန်သွယ်လို့ မရကြဘူး။ ချင်းပြည်ဖက်ကိုသွားတယ်။ အိန္ဒိယကို သွားတယ်။ ပြီးတော့ ဘင်္ဂလားဖက်ကို သွားကြတယ်။ AA က တောင်းတဲ့အကောက်ခွန်ကို ဘာမှ မပြောလိုဘူး။ ဒါက ပေးရမှာပဲ။ ဒါပေမယ့် အောက်ခြေ နယ်မြေတာဝန်ရှိသူတွေတစ်ချို့က အဲ့ဒါကို အခွင့်ကောင်းယူပြီး လုပ်နေတာတွေရှိတယ်။ ကုန်သွယ်ခွင့်မပြုဘဲ ပိုက်ဆံ သိန်းချီတောင်းနေတာရှိတယ်။ ကျနော်တို့ကိုယ်တိုင် ပေးခဲ့ရတယ်။ ဖြတ်ပိုင်းတောင်းလို့လည်းမပေးဘူး။ သူတို့ မရင်းနှီးတာလည်းပါတာကို။ အားလုံးကုန်သွယ်မှုတွေကို တစ်ပြေးညီသွားဖို့လိုတယ်။ ဟိုလူကျတော့ ကုန်သွယ်ခွင့်မပေးဘူး။ ဒီလူကျတော့ပေးတယ်။ အဲ့လိုတော့ လုပ်တာမကောင်းဘူး”ဟုပြောသည်။

ထို့အပြင် ချင်းပြည်နယ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ကုန်သွယ်ခွင့် ရသူများမှာလည်း အာရက္ခတပ်တော် AA ၏ နယ်မြေတာဝန်ရှိသူများနှင့် နီးစပ်သူများကို ထုတ်ပေးနေပြီး အခြား စီပွားရေးလုပ်ငန်းရှင်အချို့မှာ ခက်ခဲနေကြောင်း ကုန်သည်များက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Western News က ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်သည်။

စစ်ကောင်စီက ပြည်မဖက်နှင့် ကုန်သွယ်မှု လမ်းကြောင်းအားလုံးကို ပြီးခဲ့သည့်၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ နောက်ဆုံးအပတ်မှစ၍ စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အတွင် စစ်တွေ-ကျောက်ဖြူမှ လေကြောင်းတစ်ဆင့် ကုန်သွယ်မှု အနည်းသာ ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ