Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရန်ကုန်တိုင်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်လူမျိုးများကို အဓိကထား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေ၍ စစ်ရှောင်များနှင့် ယခင်ရှိနေကြသည့် ရခိုင်တိုင်းရင်းများမှာ စိုးရိမ်မှုအလွန်မြင့်တက်နေကြသည်။

စိုးရိမ်မှုများ ပိုဖြစ်လာပြီး လုံခြုံမှု မရှိတော့သလို ခံစားလာရကြောင်း ရန်ကုန်မြို့တွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်လာသော ဘူးသီးတောင်ဒေသခံ ဦးကျော်သန်းက ပြောသည်။

“ကျနော်တို့ ရခိုင်တွေကိုပဲ အဓိကထား လိုက်ဖမ်းနေတော့ ရန်ကုန်မှာနေဖို့တောင် ကြောက်လာပါပြီခင်ဗျာ။ ကလေးတွေကို အပြင်တောင် ပေးမထွက်ခိုင်းတော့ဘူး။ ရန်ကုန်မှာနေတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အခုတော့ လုံခြုံမှုမရှိဘူးတော့ဘူးလို့ ခံစားလာရတယ်။ ကလေးတွေက လူတကာကြည့်ပြီး ကြောက်စိတ်တွေနဲ့ သွားနေရတယ်လို့ ပြောကြတယ်။ ကျနော် အရမ်းခံစားရတယ်ဗျာ။ ဘယ်လိုပြန်ပြောရမလဲတောင် မသိတော့ဘူး” ဟု ဘူးသီးတောင်ဒေသခံ ဦးကျော်သန်းက ပြောသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက ရခိုင်လူငယ်အများစုသည် ကျောင်းတက်ရန်နှင့် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိသွားကြပြီးတစ်ချို့မှာ စစ်ရှောင်ရန် လာကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုအထဲတွင် တက္ကသိုလ်တက်နေဆဲဖြစ်သည့် လူငယ်များပါသလို ဘာသာစကားတစ်ခုခု တက်ပြီး နိုင်ငံခြားထွက် အလုပ်လုပ်ကြမည့် လူငယ်များလည်း ပါဝင်ကြသည်။

အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံလူငယ်တစ်ဦးက “ကျနော် ရန်ကုန်ရောက်တာ ၅ လကျော်ပါပြီ။ ဆောက်လုပ်ရေးအလုပ်နဲ့ စင်္ကာပူသွားဖို့ ပြင်ဆင်နေတာပါ။ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်မိနေပါပြီ။ နောက်လဆိုရင် သွားရတော့မယ် ထင်ပါတယ်။ ဒီကြားထဲ အဖမ်းမခံရဖို့ပဲ ဆုတောင်းနေပါတယ်။ ဧည့်စာရင်းတွေလည်း တိုင်ထားပါတယ်။ ဟိုတလောက အပြင်မုန့်ဝယ်ထွက်တဲ့ ရခိုင်လူငယ်တွေ အဖမ်းခံရတော့ ကျနော် အပြင်သိပ်မထွက်တော့ဘူး။ ဘယ်သူ့ကိုမှ မယုံရင်ရတော့ စိတ်ထဲမှာ စိုးထိတ်ထိတ်နဲ့ပေါ့ဗျာ” ဟု ပြောသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့တွင် နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက သူမ၏ သား နှစ်ဦးစလုံးကို ရန်ကုန်တွင် မလုံခြုံတော့၍ နိုင်ငံခြားသို့ ပို့လိုက်ပြီဟု ပြောသည်။

“အန်တီက ရန်ကုန်မှာနေတာ နှစ်ပေါင်း ၅၀ လောက်ရှိပြီ။ အိမ်ထောင်လည်း ရန်ကုန်မှာပဲ ကျတာ။ ဒီလောက် နှစ်တွေ အကြာကြီး နေလာတာ တစ်ခါမှ စိုးရိမ်မှုမရှိခဲ့ဖူးဘူး။ အခု မင်းမဲ့စရိုက်လို တွေ့တဲ့သူ လိုက်ဖမ်းနေတော့ သားနှစ်ယောက်အတွက် အရမ်းစိုးရိမ်သွားတယ်။ ဘာအပြစ်မှလဲ ကျူးလွန်တာမရှိဘဲ လမ်းသွားရင်းနဲ့ အဖမ်းခံနေရတော့၊ ပြီးတော့ လူငယ်တွေ ခဏခဏ ပျောက်ကြတယ်လို့ ပြောတယ်။ မဖြစ်တော့ဘူးဆိုပြီး သားနှစ်ယောက်ကို နိုင်ငံခြားလွှတ်လိုက်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သာကေတ စသည့်မြို့နယ်များက ယခုရက်သတ္တပတ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူငယ် ၂၀ ဦးထက်မနည်းမှာ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က လူငယ်အများအပြား ပါဝင်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရန်ကုန်တိုင်းထဲတွင် ရခိုင်အပါအဝင် တခြားသော တိုင်းရင်းသားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး နာမည်၊ မှတ်ပုံတင်နံပါတ်များဖြင့် လာရောက် စစ်ဆေးကြသည်ဟု သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ