ရခိုင်ပြည် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်ကို အလုပ်ကြမ်းနှင့် နောက်ထပ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရကြောင်း မိဘများထံမှ သိရသည်။
သတင်းထောက် ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၉၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရခြင်းဖြစ်သည်။
သူတို့နှစ်ယောက်ကို ပုသိမ်အကျဥ်းထောင် အထူးတရားရုံးကနေ အကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ကိုထက်အောင် မိခင် ဖြစ်သူက Western News ကို ပြောသည်။
သတင်းထောက် ကိုထက်အောင် မိခင်ဖြစ်သူက ” ကျမသား ထက်အောင် နောက်ထပ် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရပါတယ်။ ဧရာဝတီ ပုသိမ်အထူးတရားရုံးက ချမှတ်တာပါ။ ၉၆ နဲ့ ချတာပါ။ ပုသိမ်အကျဉ်းထောင်မှာပါ” ဟု ပြောသည်။
ပထမအကြိမ်တွင် ရခိုင်ပြည် စစ်တွေမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နှင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရပြီး ယခုဒုတိယအကြိမ် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ကို ချမှတ်ခံထားရခြင်းဖြစ်သည်။
“ထောင်ဝင်စာတော့ တွေ့လို့ရပါတယ်။ သားက ပြောပါတယ်။ အကျဉ်းထောင်မှာ နေရတာ အရမ်းကျဉ်းကျပ်တယ်လို့ ပြောပါတယ်။ ခန္ဓာကိုယ်တွေမှာလည်း ယားနာတွေလည်း ပေါက်နေတယ်လို့ ပြောပါတယ်။ အရမ်းသနားဖို့ ကောင်းပါတယ်။ တာဝန်ရှိသူတွေ၊ လူကြီးမင်းတွေကို ကျမသား ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မိခင်ဖြစ်သူက ဆက်လက်ပြောသည်။
သတင်းထောက် ကိုထက်အောင်သည် စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့က ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းပွဲ သတင်းသွားယူရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတင်းထောက် ကိုထက်အောင်ကို ဖမ်းဆီးပြီး DMG ရုံးချုပ်သို့ ဝင်ရောက်စီးနှင်းသည့်အချိန် DMG ရုံးစောင့် ကိုစိုးဝင်းအောင်မှာလည်း ဖမ်းဆီးခံခဲ့ရကာ ရုံးအတွင်း ပစ္စည်းများလည်း သိမ်းဆည်း ခံခဲ့ရသည်။
ထို့အပြင် Development Media Group (DMG) မှ အယ်ဒီတာချုပ် ဦးအောင်မင်းဦး အပါအဝင် အယ်ဒီတာနှင့် သတင်းထောက် စုစုပေါင်း ၁၈ ဦးတို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်။