ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေး ပြတ်တောက်နေသော ရခိုင်ပြည်တွင် ရေဒီယိုတစ်လုံးကို ကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးမြှင့်တက်နေပြီး ဝယ်ယူနိုင်ရန် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
မည်သည့် ရေဒီယိုအမျိုးအစားမဆိုကို အနည်းဆုံး ကျပ် ၅ သောင်းကနေ စတင်ပြီး ဈေးနှုန်းများ ရှိကြပြီး လူတိုင်းမဝယ်နိုင်ကြကြောင်း ရခိုင်အခြေအနေများ ရေဒီယိုကနေတစ်ဆင့် သတင်းများကို နေ့တိုင်း နားဆင်နေသော ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“ရေဒီယိုက စျေးအရမ်းများတော့ ဝယ်နိုင်တဲ့သူနည်းပါတယ်။ သိန်းဂဏန်းဝန်းကျင်လောက်သုံးမှ ရေဒီယိုကောင်းကောင်းလေးတစ်လုံးရနိုင်မယ်။ ဒီလောက်စျေးမြင့်နေတော့ မဝယ်နိုင်ကြဘူးလေ။ ရှိတဲ့သူတွေဆီကပဲကပ်ပြီး သတင်းတွေနားထောင်ကြရတယ်။ ရှိတဲ့သူတွေကလည်း အရင်ကတည်းကနေ ဝယ်ထားကြတဲ့သူတွေများတယ်” ဟု ပြောသည်။
၂၀၂၃ တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက ရခိုင်ပြည်မအတွင်း နေရာကွက်ကျား ဆက်သွယ်ရေး ပြတ်တောက်နေခြင်းမှာ လက်ရှိ တစ်ပြည်နယ်လုံးနီးပါး ဆက်သွယ်ရေးပြတ်တောက် သွားခြင်းဖြစ်သည်။
ရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံးရေးနှင့် လူမှုစီးပွားအခြေအနေများကို သိရှိနိုင်ရန် ရေဒီယိုကိုပဲ သတင်းကိုပဲ အားကိုးနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
လျှက်စစ်မီးမရရှိခြင်းနှင့် စက်သုံးဆီ ဈေးကြီးမှုကြောင့် တီဗွီက သတင်းချန်နယ်များကိုလည်း မကြည့်ရှုနိုင်ကြကြောင်း သိရသည်။
“တစ်မြို့နဲ့ တစ်မြို့ ဘာဖြစ်နေတယ်ဆိုတာတောင် မသိရဘူး။ ဆက်သွယ်ရေးက အဲလောက်ဆိုးသွားတာ။ တချို့ရွာတွေမှာ ရေဒီယိုက တစ်လုံးပဲ ရှိတယ်။ သတင်းလာချိန်ဆို လူစုပြီး နားထောင်ရတယ်။ ရခိုင်ပြည်အတွင်း ဖြစ်နေတယ်ဆိုတာကို သိချင်ကြတယ်။ ဗမာပြည် ဘက်မှာရော ဘာတွေဖြစ်နေကြပြီလဲ သိချင်ကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
တစ်ပြည်လုံးနီးပါး ဆက်သွယ်ရေး ပြတ်တောက်နေသည်မှာ နှစ်လခန့် ကြာမြင့်လာပြီး စစ်ကောင်စီ ထိန်းချုပ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့တွင် ဖုန်းလိုင်း နေရာကွက်ကျားရပြီး အင်တာနက် ပြတ်တောက်နေသည်။
ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်မှုကြောင့် ပြည်သူများမှာ သတင်းအချက်အလက် မသိရသည့်အပြင် နိုင်ငံခြားရောက် မိသားစုဝင်များ၏ ထောက်ပံ့ငွေများဖြင့် ရပ်တည်နေကြသည့် မိသားစုများမှာ ပိုမိုကျပ်တည်းနေကြကြောင်း သိရသည်။
#WesternNews #WN #ရခိုင် #ဆက်သွယ်ရေး ပြတ်တောက် #ဖုန်းလိုင်း #အင်တာနက် #သတင်းမဖတ်ရ