ရခိုင်ပြည်အတွင်းက စစ်ကောင်စီ သိမ်းပိုက်ထားသော မြို့တစ်မြို့ ဖြစ်သော စစ်တွေမြို့က ကုလားတန်စီမံကိန်း ကို အိန္ဒိယသံအမတ်ကြီးသွားရောက်ပြီး စစ်ကောင်စီခန့်က ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ က ကုလားတန်ဆိပ်ကမ်း စီမံကိန်းကို အိန္ဒိယသံအမတ်ကြီး Abhay Thakur ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွေက သွားရောက်ခဲ့ပြီး ဦးထိန်လင်းနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့တွင် ထုတ်ပြန်သည်။
“လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းအဖြစ် သံအမတ်ကြီး Abhay Thakur သည် စစ်တွေမြို့ ကုလားတန်ဆိပ်ကမ်း စီမံကိန်းသို့ သွားရောက်ခဲ့ကြောင်း” အိန္ဒိယ သံရုံးဖက်က ထုတ်ပြန်ပြောဆိုသည်။
သံအမတ်ကြီး Abhay Thakur သည် စစ်တွေမြို့ ကုလားတန်ဆိပ်ကမ်း စီမံကိန်းကို India Ports Global Ltd (IPGL) မှ မန်နေဂျင်းဒါရိုက်တာနှင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဆိုသည်။
“ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တွေ့ဆုံကာ ဒေသခံလူမှုအသိုက်အဝန်းထောက်ပံ့ရေးအစီအစဉ်နှင့် အနာဂတ်တွင် ချိတ်ဆက်ဆောင်ရွက်မှုတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်”ဟုဆိုသည်။
တစ်ဖက်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် အာရက္ခတပ်တော်AA သည် ရခိုင်ပြည်အတွင်း ပလက်ဝအပါအဝင် မြို့နယ် ၁၅ မြို့နယ် သိမ်းပိုက်ထားပြီး ကုလားတန်ဆိပ်ကမ်း စီမံကိန်းကို လမ်းကြောင်းကိုလည်း ပိတ်ဆို့ထာသည်။