Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်လက်ကျန်မိုင်း ကို ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်၍ သေဆုံးသွားသူ/ ဓါတ်ပုံ ကိုတေဇာအောင်

ဖခင်ဖြစ်သူက တောထဲ ထင်ခွေသွားရာမှ ကောက်ယူလာသော စစ်ကျန် မိုင်းတစ်လုံးကို အိမ်အတွင်း ထားရာ သားဖြစ်သူ ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပြီး သေဆုံးသွားကြောင်း လူမှုကူညီဆောင်ရွက်နေသူများက ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဖခင်ဖြစ်သူက တောထဲသို့ ထင်ခွေ သွားရာမှ ကောက်ယူလာခဲ့သည့် စစ်ကျန်မိုင်း အား အိမ်တွင်း တစ်နေရာတွင် ထင်ထားရာကနေ သားဖြစ်သူ ဆောကစားရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ မိသားစုနှင့် နီစပ်သူတစ်ဦးက “သူ့အဖေက တောထဲ ထင်းခုတ်သွားရာကနေ ကောက်လာတယ်လို့ပြောတယ်။ အဲ့ဒါအန္တရာယ်ဖြစ်မှာ စိုးလို့ ကောက်လာတာပေါ့။ ပြီးတော့ သက်ဆိုင်ရာကို အပ်မယ်ဆိုပြီးတော့ အိမ်ထဲတစ်နေရာမှာ သိမ်းထားတယ်လို့ ပြောတယ်။ ပြီးတော့ သူက ရေနွေးအိုးကြိုနေတယ်။ အဲ့ဒီမှာ ကလေးက ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်တာပါ “ဟုပြောသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အရေးပေါ်ကုသဖို့ နာရေးကူညီရေးကားဖြင့် သွားရောက် ရာတွင် ခန္ဒာကိုယ်အနှံ့အပြားတွင် ဒဏ်ရာပြင်းထန်၍ လမ်းတွင် သေဆုံးသွားခဲ့ကြောင်း လူမှုကူညီဆောင်ရွက်နေသူများက ပြောသည်။

သေဆုံးသူမှာ ဂွမြို့နယ် ကမ်းသာယာကမ်းခြေအနီးက ကင်းပုံရွာကျေးရွာမှ အသက် ၄ နှစ်ရွယ်ရှိ ချမ်းငြိမ်းသော် ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ကျေးရွာသို့ ပြန်လည် ယူဆောင်လာကြောင်း လူမှုကူညီဆောင်ရွက်နေသူ သံတွဲဒေသခံ ကိုတေဇာအောင်က ပြောသည်။

ဂွမြို့နယ် မြို့သိမ်းတိုက်ပွဲ မဖြစ်ခင်ကတည်းက တောတောင်များကို မသွားဖို့နှင့် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း စစ်ကောင်စီက ဂွမြို့နယ် ပြည်သူများ တရာဝင် ထုတ်ဖော် ပြောဆိုခဲ့များမှု ရှိခဲ့ကြောင်း သိရသည်။

ဂွမြို့ ဒေသခံတစ်ဦးက “စစ်ကောင်စီက ဂွမြို့နယ် တိုက်ပွဲ မစခင်ကတည်းက တရားဝင်ပြောဆိုထားတာတွေရှိတယ်။ တောတောင်တွေမှာ မြေမြှုပ်မိုင်းထောင်ထားတာတွေရှိတယ်တဲ့။ မသွားဖို့ ပြောတယ်။ အခု မြို့သိမ်းတိုက်ပွဲလည်း ပြီးသွားပြီးဆိုတော့ သက်ဆိုင်ရာက ဒါတွေကို ရှင်းလင်းရေး လုပ်ဖို့ လိုတယ်။ ဒီအတိုင်းမလုပ်ဘဲ ထားရင်တော့ ပြည်သူတွေ တကယ့် ရင်လေးစရာတွေ ဖြစ်မယ်”ဟုပြောသည်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသော သံတွဲဒေသခံ ကိုတေဇာအောင်က “မြေပြင်မှာ စစ်ကျန် လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးတာတွေ၊ ရပ်ရွာမှာ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတို့ ကိုယ့်ရဲ့ ကျေးရွာမှာ ကျေးရွာသားတွေကို ခေါ်ပြီးတော့ စစ်လက်နက်၊ မိုင်းနဲ့ ပတ်သက်ပြီးတော ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုတယ်။ တပ်တော် အနေနဲ့ လုပ်တယ်လို့တော့ ပြောနေတာပဲ။ ဒါပေမဲ့ တကယ့်မြေပြင်နေရာတော်တော်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်တယ်”ဟုပြောသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ၂၀၂၂ ခုနှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ဆိုသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေအပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ