ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပင်လယ်ပြင် ထိစပ်နေသည့် ဘူးသီးတောင်၊ မောင်တောဒေသကို အာရက္ခတပ်တော် AA က အလုံးစုံထိန်းချုပ်ပြီးနောက် ရခိုင်ပိုင်နက် ပင်လယ်ပြင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များ လေးဒါဇင်ထက်နမည်း ဝင်ရောက် ငါးဖမ်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များသည် တရားဝင် ဝင်ရောက်ငါးဖမ်းဆီးနေကြခြင်းမဟုတ်ကြောင်း မောင်တောမြို့ခံ ဦးကျော်တင်က ပြောသည်။
“ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းဘုတ်တွေက တရားမဝင် လာရောက် ငါးခိုးဖမ်းနေကြပါတယ်။ ဘုတ်တွေ အများကြီးပါ။ ၄, ၅ ဆယ်လောက်တောင် ရှိပါမယ်။ နေ့လည်းဖမ်းနေတယ်။ ညလည်း ဖမ်းနေကြပါတယ်။ မောင်တောမြစ်ကမ်းကတောင် လှမ်းမြင်ရပါတယ်။ ဒီလို စည်းမဲ့ကမ်းမဲ့ ငါးဖမ်းနေတာကို ခွင့်မပြုသင့်ဘူး။ တာဝန်ရှိသူတွေ တားဆီးသင့်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များသည် အနည်းဆုံး လူ ၁၀ ဦးထက်မနည်းကို တင်ဆောင်ကာ ရခိုင်ပင်လယ်ပြင်အတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်က စ၍ ဝင်ရောက်ဖမ်းဆီးမှု များပြားလာကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီဇင်ဘာလ ကုန်နီးက ဆယ်ဂဏန်းပဲ တွေ့ရတယ်။ အခု ဒီရက်ပိုင်း အစီး ၅၀ ကျော်လောက် ဖြစ်လာတယ်။ တစ်ရက်ထက်တစ်ရက် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ် များများ လာတယ်။ အလယ်သံကျော်၊ ကျောက်ပန္ဒူဘက်တွေမှာ အဓိက ဖမ်းကြပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ မောင်တောမြို့စောင့်တပ် နယ်ခြားစောင့်တပ်စခန်း နခခ ၅ အား အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေချိန်အတွင်း ရခိုင်ပင်လယ်ပြင်သို့ တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို AA က ဖမ်းဆီး၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။
လက်ရှိတွင် အာရက္ခတပ်တော် AA သည် မောင်တောဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်လယ်ပြင်နှင့် ထိစပ်နေသည့် ရခိုင့်ပင်လယ်ပြင်အား AA က ထိန်းချုပ်ထားသည်။
အာရက္ခတပ်တော် AA မှာ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းထားကြောင်း မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ထုတ်ပြန်ချက်အချို့တွင် ထည့်သွင်းပြောဆိုထားပြီး ရခိုင့်ပင်လယ်ပြင်အား ကာကွယ်စောင့်ရှောက်နေသည်ဟု ဆိုသည်။
“အလယ်သံကျော်၊ ကျောက်ပန္ဒူ ကမ်းခြေအနီးအထိကိုတောင် ဝင်ရောက် ငါးဖမ်းကြတယ်ဆိုတော့ ဒါက ပင်လယ်ပြင် လုံခြုံရေး ကျိုးပေါက်နေတယ်ဆိုကို ပြတာပါ။ တရားမဝင် လာရောက်ငါးဖမ်းသူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ရမယ်။ သေချာလည်း ကမ်းခြေလုံခြုံရေး၊ ပင်လယ်ပြင်လုံခြုံရေးကို အရေးစိုက်ရပါမယ်။ နောက်ဆို ဒေသခံ ငါးဖမ်းဘုတ်တွေနဲ့ ပြဿနာတွေ တက်လာနိုင်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ စစ်ကောင်စီ ထိန်းချုပ်သည့် ရန်ကုန်မြို့မှ လာသော ကုန်သင်္ဘောများကို ရခိုင့်ပင်လယ်ပြင် နတ်မြစ်အဝတွင် AA က ဖမ််းဆီး စစ်ဆေးနေကြောင်း သိရသည်။
မောင်တောဒေသကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် အစိုးရသည် နယ်စပ်အရေးနှင့် မွတ်ဆလင်းများ ပြန်ပို့နိုင်ရေးကို AA နှင့် စကားပြောနေရသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ပြောဆိုထားသည်။
လက်ရှိတွင် ရခိုင် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းတို့ အပြန်အလှန် ကုန်သွယ်ရေး ရခိုင့်အာဏာပိုင်များအောက်တွင် စတင်ကုန်သွယ်နေကြပြီဟု ဒေသခံ ကုန်သည်များထံမှ သိရသည်။
ရခိုင်ဘက်က ဆန်နှင့် ပဲအမျိုးမျိုးကို အဓိက ကုန်သွယ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ဆီနှင့် ငရုပ်သီး အဓိက ကုန်သွယ်ကြကြောင်း စုံစမ်းသိရသည်။