စစ်ရေးအရှိန်လျော့နည်းနေသည့် မွန်ပြည်ဒေသအတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်နိုင်ရန် မွန်တော်လှန်ရေးတပ် ၄ ခု စုပေါင်းပြီး “ရာမညပူးတွဲစစ်ကြောင်း” ကိုဖွဲ့စည်းကာ စစ်ကောင်စီကို အမြစ်ပြတ် တိုက်ခိုက်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
(ရာမညပူးတွဲစစ်ကြောင်းကနေ စစ်တိုင်းဌာနချုပ်နှင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်မည်)
မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ ဇန်နဝါရီလ ၁၇, ၁၈ ရက်တွင် အစည်းအဝေးလုပ်ကာ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
“ကျနော်တို့ ပူးပေါင်းရခြင်းရဲ့ အဓိက ရည်မှန်းချက်တစ်ခုက ကျနော်တို့ မွန်ပြည်နယ်မှာ အခြား တိုင်းနဲ့ပြည်နယ်တွေလို စစ်ရေးအရှိန်တွေ မြှင့်နိုင်ဖို့ပါ။ အရင်တုန်းက ကျနော်တို့ မွန်ပြည်နယ်မှာ စစ်ရေးအရှိန် မမြင့်နိုင်တာက မွန်ပြည်နယ်မှာ လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင်တပ်တွေရဲ့ စုစည်းညီညွတ်မှု၊ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ အချိန်ကိုင်မီမီ အချိတ်အဆက်ရှိရှိနဲ့ လှုပ်ရှားနိုင်မှု အားနည်းချက်ကြောင့် အဲလိုဖြစ်ခဲ့ရတဲ့အတွက်ကြောင့် အခုလိုမျိုး မွန်လက်နက်ကိုင် တပ်ဖွဲ့ ၄ ဖွဲ့ရဲ့ စုစည်းမှုကနေ တစ်ဆင့် မွန်ပြည်နယ်မှာ လှုပ်ရှားနေကြတဲ့ အခြား PDF တွေ၊ အခြား ကျနော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ရင် မွန်ပြည်နယ်မှာ စစ်ရေးအရှိန် မြင့်မားလာနိုင်ပြီးတော့ ဗျူဟာမြောက် စစ်ဆင်ရေးတွေ၊ စစ်ပွဲတွေ အခြား တိုင်းနဲ့ပြည်နယ်လိုမျိုး ဖြစ်လာနိုင်မယ့် အနေအထားရှိပါတယ်” ဟု ရာမညပူးတွဲစစ်ကြောင်း၏ ပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။
ရာမညပူးတွဲစစ်ကြောင်းကနေ မွန်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မများ၊ စစ်တိုင်းဌာနချုပ်နှင့် မြို့သိမ်းတိုက်ပွဲအထိ ဖော်ဆောင်သွားမည်ဟု ဒေါက်တာ သီရိမွန်ချမ်းက ဆက်လက် ပြောသည်။
“ရာမည စစ်ကြောင်းရဲ့ ရည်မှန်းချက်ကလည်း ဗျူဟာမြောက် စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ပေါ့နော်။ ဗျူဟာမြောက် စစ်ဆင်ရေးဆိုတာက ဟို ရန်သူရဲ့ အချက်အခြာကျတဲ့ နေရာ၊ အထူးသဖြင့် ရန်သူရဲ့ တပ်စခန်း၊ တပ်ရင်း၊ တပ်မတို့ နောက်ပြီးတော့ ဖြစ်နိုင်ရင် တိုင်းစစ်ဌာနချုပ်အဆင့်အထိပေါ့နော်။ ဗျူဟာကျတဲ့နေရာတွေမှာ ဗျူဟာမြောက် စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့် အခုနကလို တိုင်းနဲ့ပြည်နယ်တွေလိုမျိုး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ နောက် တပ်ရင်း၊ တပ်ဖွဲ့တွေ သိမ်းပိုက်တဲ့အဆင့်တွေ အဲဒီအထိ ကျနော်တို့ စစ်ရေးစီမံချက်တွေ ချထားပါတယ် ခင်ဗျာ” ဟု ပြောသည်။
မွန်ပြည်အတွင်းမှာ မွန်တပ်တစ်တပ်တည်းသာ ရှိရမည် ရည်မှန်းချက်ကြောင့်လည်း ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့ထားခြင်းဖြစ်ပြီး ယခု ၄ ဖွဲ့အပြင် အခြားသော ကျန်ရှိနေသေးသည့် မွန်တော်လှန်ရေးတပ်များကိုလည်း ပေါင်းစည်းကာ စစ်ကောင်စီအား တိုက်ခိုက်သွားမည်ဟု သိရသည်။
မွန်ပြည်အတွင်း မွန်တပ်တစ်တပ်တည်း ဖြစ်ရန် မွန်လက်နက်ကိုင်တပ်အချင်းချင်း ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ တွေ့ဆုံဆွေးနွေးခြင်း၊ စစ်ရေးပူးပေါင်းခြင်းများရှိခဲ့ပြီးနောက် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင် ကနဦး ပူးပေါင်းသည့်အနေဖြင့် စစ်ဆင်ရေးတစ်ခုကို စုပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေါက်တာ သီရိမွန်ချမ်းက ဆိုသည်။
“မွန်လက်နက်ကိုင်တပ်တွေ စုစည်းပြီး မွန်တပ်တစ်တပ်တည်း ဖြစ်ဖို့ လုပ်ငန်းစဉ်တွေကလည်း အချိန်တွေကလည်း နည်းနည်း အချိန်ယူနေရတဲ့အတွက်ကြောင့် မွန်လက်နက်ကိုင်တပ် တစ်ခုတည်း မဖြစ်ပေါ်ခင် အခု လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင်တပ်တွေ အားလုံး တစ်စုတစ်စည်းတည်း ဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်ကြဖို့ဆိုတဲ့ ဆုံးဖြတ်တစ်ခု ချထားခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့်ပဲ ရာမညပူးတွဲစစ်ကြောင်းကို စစ်ရေးဖော်ဆောင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်” ဟု ပြောသည်။
ရာမညပူးတွဲစစ်ကြောင်းက တစ်ဆင့် မွန်တပ်တစ်တပ်တည်းဖြစ်ရေးနှင့် မွန်ပြည်သူလူထုလိုလား တောင်းတသော မွန်ပြည်လွတ်မြောက်ရေး၊ မွန်လူထုလွတ်မြောက်ရေး အပါအဝင် တိုင်းရင်းသားပြည်သူလူထုများ လိုလားနေသော ဖက်ဒရယ်ပြည်ထောင်စုကို ရရှိရန် တိုက်ခိုက်သွားမည်ဟု သိရသည်။