Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(AA လွှတ်ပေးသော ကုန်သင်္ဘောများ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းရောက်ရှိ)

အာရက္ခတပ်တော် AA သည် ရန်ကုန်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ထွက်ခွာလာသော ကုန်တင်သင်္ဘော ၃ စီးကို ရခိုင့်ပင်လယ်ပြင် နတ်မြစ်ဝတွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ ထွက်ခွာလာသော ကုန်တင်သင်္ဘောများကို ဇန်နဝါရီလ ၁၆ ရက်နေ့က မောင်တော နတ်မြစ်ဝတွင် စစ်ဆေးနေခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်တွင် သင်္ဘောနှစ်စီးအား AA က ပြန်လွှတ်ပေးလိုက်သည်ဟု The Business Standard သတင်းက ဖော်ပြသည်။

အာရက္ခတပ်တော် AA ထံမှ လွတ်မြောက်လာပြီးနောက် ကုန်တင်သင်္ဘောနှစ်စင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှာပင် ကုန်ပစ္စည်းတန်ချိန် ၁၅၀၀ ခန့်နှင့်အတူ ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

သို့သော်လည်း ဆိပ်ကမ်းအာဏာပိုင်များ၏ ပြောကြားချက်အရ ကျန်ရှိနေသည့် နောက်ထပ် သင်္ဘောတစ်စီးမှာ AA ထံ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လွှတ်ပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Teknaf ဆိပ်ကမ်းမန်နေဂျာ Syed Anwar Hossain ပြောသည်။

“အာရက္ခတပ်တော်က ဖမ်းမိတဲ့ သင်္ဘော ၃ စင်း ကျနော်တို့မှာ သတင်းအချက်အလက်တွေ ရှိတယ်။ သင်္ဘော ၂ စင်း ပြန်လွတ်လာပေမယ့် တစီးက သူတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ဖမ်းထားတဲ့ သင်္ဘောဟာ Teknaf ဆိပ်ကမ်းအနီးမှာ တွေ့ရပြီး ကုန်စည်တန်ချိန် ၂,၀၀၀ လောက် သယ်ဆောင်သွားပါတယ် ” ဟု ပြောသည်။

လွတ်လာသော သင်္ဘောများတွင် ငါးခြောက်၊ ကော်ဖီ၊ ကွမ်းယာနှင့် အလှကုန်များအပါအဝင် ကုန်ပစ္စည်းမျိုးစုံဖြင့် ရောက်ရှိလာကြသည်ဟု သူက ထပ်မံပြောသည်။

နောက်ထပ် ဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးက “လေးရက်ကြာ ထိန်းသိမ်းထားစဉ်အတွင်း AA က သင်္ဘောသားတွေကို မညှဉ်းပမ်းခဲ့ပါဘူး။ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့ ပြေလည်မှုယူပြီး သင်္ဘောတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်” ဟု ပြောသည်။

ကုန်သည်များ၏ ပြောကြားချက်အရ ကုန်တင်သင်္ဘောများကို စစ်ဆေးရန်အတွက်သာ ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သင်္ဘောများအား အာရက္ခတပ်တော် AA က ဖမ်းဆီးထားခြင်းအပေါ် Teknaf Land Port C&F အေးဂျင့်များအသင်းမှ အထွေထွေအတွင်းရေးမှူး Ehteshamul Haque Bahadur က ယခုလို ဝေဖန်ထားသည်။

“ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဒီဆိပ်ကမ်းကတစ်ဆင့် သွင်းကုန်တွေ သိသိသာသာ ကျဆင်းလာပြီး အစိုးရဝင်ငွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့အတွက် အစိုးရက တက်ကြွတဲ့ အစီအမံတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အာရက္ခတပ်တော် AA သည် ဘူးသီးတောင်၊ မောင်တော ဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော ရခိုင့်ပင်လယ်ပြင်အား ထိန်းချုပ်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ရခိုင့်ပင်လယ်ပြင်သို့ ဝင်ရောက်လာသော ငါးဖမ်းစက်လှေများ၊ သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ