ရခိုင်ပြည် မြောက်ဦးမြို့နယ်က သားမိနှစ်ဦးကို HIV ပိုးရှိသည်ဟုဆိုကာ ကျေးရွာသားများက ကျေးရွာအတွင်း နေထိုင်းခြင်း လုံးဝခွင့်မပြုဘဲ ကျေးရွာသားများမှ ရွာပြင်ထုတ်ထားကြောင်း Western News မှ စုံစမ်း သိရှိရသည်။
HIV ပိုး ကူးစက်ခံထားရသည်ဟုဆိုကာ ရွာအပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို Western News သတင်းဌာနက မေးမြန်းခွင့် ရရှိခဲ့ပြီး သားမိနှစ်ဦး၏ ကျန်းမာရေးအခြေအနေကိုလည်း သိရှိခွင့် ရရှိခဲ့သည်။
သားမိနှစ်ဦးစလုံးမှာ ရွာပြင်သို့ နှင်ထုတ်ခံထားရသည်မှာ သီတင်းတစ်ပတ်ခန့်ကြာ ရှိပြီဖြစ်ပြီး ရွာသားများက HIV ပိုးကူးခံရမည်စိုး၍ နှင်ထုတ်ထားကြခြင်းဖြစ်သည်ဟု ရွာအပြင်သို့ ထုတ်ခံရသူ ကာယကံရှင် အမျိုးသမီးက ပြောသည်။
“ကျမ ယောင်္ကျားမှာက HIV ရှိတယ်။ သူ့မှာ ဒီပိုးရှိတာ သူသေမှ ကျမသိတာ။ သူသေတော့ ရွာကလူတွေက ကျမတို့မှာလည်းရှိမှာပဲဆိုပြီး သူတို့ ကူးစက်ခံရမှာကြောက်တယ်ဆိုပြီး ရွာပြင်ထုတ်လိုက်ကြတာပါ။ ရွာပြင်မှာ ညဆို ကြောက်ကြောက်လန့်လန့်နဲ့နေနေရတယ်။ တစ်နေ့မှ အိပ်မပျော်ဘူး” ဟု ပြောသည်။
HIV ပိုးရှိသည်ဟုဆိုကာ ရွာပြင်ထုတ်ခံထားရသူ အဆိုပါအမျိုးသမီးမှာ မြောက်ဦးမြို့နယ် ရွာသစ်ကေ ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်ကာ လက်ရှိ ၈ နှစ်အရွယ် သားဖြစ်သူနှင့်အတူ ရွာပြင် နှင်ထုတ်ခံထားရခြင်းဖြစ်သည်။
အဆိုပါ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ ပြီးခဲ့သည့် နှစ်ပတ်ခန့်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီး တစ်ပတ်အကြာတွင် သားဖြစ်သူနှင့် အတူ ရွာပြင် နှင်ထုတ်ခံထားရခြင်းဖြစ်ကြောင်း ယင်းအမျိုးသမီးက ပြောသည်။
ထို့အပြင် မိခင်နှင့်အတူ ရွာပြင်နှင်ထုတ်ခံထားရသည့် အသက် ၈ နှစ်အရွယ် ကလေးငယ်မှာလည်း ရွာထဲ မဝင်ရ၍ စာလည်းမသင်ကြားနိုင်ဘဲ ညညတွင် ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်နေကြရကြောင်း သားဖြစ်သူက ပြောသည်။
အဆိုပါကျေးရွာသားများမှ HIV ပိုးမှာ လေမှတစ်ဆင့်ကူးစက်ခြင်း အတူထိုင်လျှင်ကူးစက်နိုင်ခြင်း ပိုးရှိသူအနီးနားတွင်ရှိလျှင် ကူးစက်ခြင်း စသည့် ထင်မြင်ချက်များရှိနေသည်ဟုဆိုကာ အဆိုပါ သားအမိအား ရွာပြင်ထုတ်ထားခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။
ရွာပြင်ထုတ်ခံရသူ သားအမိနှစ်ဦးအပြင် ၎င်းတို့ လင်မယားနှင့် ဆွေမျိုးတော်သူစပ်သည့် မိသားစုဝင်များကိုလည်း ရွာသားများက အဆက်ဆံမလုပ်ခြင်း၊ အိမ်ထဲသို့ ပေးမဝင်ခြင်းတို့လည်း ရှိနေသည်ဟု ရွာပြင်နှင်ထုတ်ခံထားရသည့် သားမိ၏ မိသားစုဝင်များက ပြောသည်။
မိသားစုဝင်တစ်ဦးက “ကျမတို့ကိုလည်း ရွာသားတွေက ရွာထဲကိုမဝင်နဲ့လို့ပြောကြတယ်။ သူတို့အိမ်တွေကိုလည်းမဝင်ရဘူး။ ဆိုင်မှာ တစ်ခုခုသွားဝယ်ရင်လည်း အဝေးကပဲနေဆိုပြီး ဝယ်ထဲက ပစ္စည်းကို ပစ်ပြီးပေးတယ်။ ကျန်းမာရေးအရ ဆေးခန်းသွားပြမယ်ဆိုရင်လည်း ကယ်ရီငှားလို့ ဘယ်သူမှ မလိုက်ကြဘူး” ဟု ဆိုသည်။
လက်ရှိ HIV ပိုးရှိသည်ဟု ယူဆခံထားရသည့် အဆိုပါသားအမိနှစ်ဦးမှာ ရောဂါပိုး ရှိ၊ မရှိ ဆိုသည်ကိုလည်း စစ်ဆေးနိုင်ခြင်းလည်း မရှိသေးကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ သားမိနှစ်ဦးမှာလည်း ကျန်းမာရေး ဆိုးရွားသည့် လက္ခဏာပေါ်ပေါက်ခြင်းမရှိဘဲ အနည်းငယ်သာ ကျန်းမာရေးချို့တဲ့မှုနှင့် အာဟာရချို့တဲ့မှုသာ ရှိနိုင်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက Western News ကို မှတ်ချက်ပေးသည်။
HIV ပိုးက လက်ခံသူ လူ့ခန္ဓာကိုယ်ပြင်ပတွင် ကြာကြာအသက်မရှင်နိုင်ခြင်း မပွားများနိုင်ခြင်းကြောင့် ၎င်းကို လေ၊ ရေ၊ ခြင်၊ အင်းဆက်များမှတစ်ဆင့် ကူးစက်ရရှိနိုင်ခြင်း မဟုတ်သလို လက်ဆွဲနှုတ်ဆက်ခြင်း၊ ပါးပြင်ကိုနမ်းခြင်း၊ ခွက်တစ်ခွက်တည်းအတူသောက်ခြင်း မကူးစက်နိုင်ကြောင်း သိရသည်။
HIV ပိုးရှိသူနှင့် အတူ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်း၊ မူးယစ်ဆေးထိုးသွင်းရာမှာသုံးသော ပစ္စည်းများအတူသုံး ခြင်းတို့ကနေလည်း HIV ကူးစက်ရရှိနိုင်နိုင်ပြီး HIV ပိုးက ပတ်ဝန်းကျင်အနေအထားကိုမူတည်ပြီး ဆေးထိုးအပ်ထဲတွင် ၄၂ ရက်အထိ အသက်ရှင်နေနိုင်ကြောင်း သိရသည်။
အများအားဖြင့် HIV ပိုးရှိသူတစ်ဦးနှင့် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူများ မှာ HIV ကူးစက်ခံရပြီး စအိုမှ လိင်ဆက်ဆံခြင်းနှင့် လိင်အင်္ဂါမှ လိင်ဆက်ဆံခြင်းတို့သည် အန္တရာယ်အများဆုံးလိင်မှုရေးရာ လှုပ်ရှားဆက်ဆံမှုဟု ယူဆရကြောင်း သိရသည်။