Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- မောင်တောမြို့ကို စစ်ရှောင် ၄၆၀၀ ကျော် AA ကပြန်လည် နေထိုင်ခွင့်ပြုနေစဉ်။ ဓါတ်ပုံ APM

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သွားသော မောင်တောမြို့ခံ ရခိုင်နှင့် မွတ်ဆလင် အိမ်ထောင်စု ၁၇၀၀ ကျော်ကို AA က ပြန်လည် နေထိုင်ခွင့် ပြုလိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ၂၇ ရက်နေ့ အထိ အိမ်ထောင်စု ၁၇၂၄ စုကို မောင်တောမြို့ထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး ယင်းမှာ ကျေးရွာပေါင်း ၁၅ ထက်မနည်း စစ်ရှောင်များ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း AA စစ်ရေး သတင်းရင်းများက ပြောသည်။

ယင်းတို့မှာ ပြင်ဖြူ၊ ပေါင်းဇား၊ ကျောက်လှေကားစသည့် မွတ်ဆလင် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသော ရွှေဇား၊ ကပ္ပကောင်း၊ ခေါင်းညာ၊ ကန်ဘဲ၊ စေတီပြင်၊ ကမ်းပိုင်းနား၊ ဂုံးနား၊ အနောက်ရွာတို့ စသည့် ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

AA စစ်ရေး သတင်းရင်းတစ်ဦးက “ဝင်ခွင့်ပြုတာက ကြာပါပြီ။ ဒါပေမဲ့ ဒီရက်ပိုင်းကို တပ်တော်က အများအပြား ဝင်ခွင့်ပြု လိုက်တာပါ။ ၂၃ ရက်နေ့ကဆိုရင် အိမ်ထောင် ၅၀၀ ကျော်တယ်။ ၂၆ ရက်နေကတော့ အိမ်ထောင်စု ၉၀၀ လောက်ရှိပါတယ်။ ဖြည်းဖြည်းချင်း ဝင်ခွင့် ပြုပါတယ်”ဟုပြောသည်။

ဇန်နဝါရီ ၂၇ ရက်နေ့က မွတ်ဆလင် စစ်ရှောင် အိမ်ထောင်စု ၂၇၄ စုနှင့် ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေအတွင်းမှာလည်း မွတ်ဆလင် အိမ်ထောင်စု ၅၅၀ မောင်တောမြိုထဲသို့ ဝင်ရောက်နေပြီး ဖြစ်ကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ရခိုင်အိမ်ထောင်စု ၉၀၀ စုကို လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၁ရက်နေ့ က ၂၆ ရက်နေ့အထိ မောင်တောမြို့ပေါ်က ရပ်ကွက် ၁၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ရပ်ကွက် ၇ တို့တွင် ပြန်လည် ဝင်ရောက် နေထိုင်နေပြီး ဖြစ်ကြောင်း သိရသည်။

ပြန်လည် ဝင်ရောက်လာသူအသက် ၃၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက “စစ်ရှောင်နဲ့ နေရာတာအရမ်းကို ခက်ခဲပါတယ်။ ကျမတို့ မိသားစု ၈ ယောက်လောက်ရှိတယ်။ တစ်နေ့စားဖို့ တစ်နေ့ ရုန်းရတာ အရမ်းခက်ခဲပါတယ်။ ပြီးတော့ ကိုယ့်ဒေသမဟုတ်တော့ ပိုပြီး အခက်အခဲ ကြုံရတာပေါ့။ ဒီမှာ တစ်ခု ကြောက်ရတာ လေကြောင်း ဗုံးကြဲလာမှာကို စိုးရိမ်ပါတယ်။ အခု ဝင်ခွင့်ပြုလိုက်တဲ့အတွက် ဝမ်းသာပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ မောင်တောမြို့ပေါ်သို့ ဝင်ရောက်လာသော စစ်ရှောင် ရခိုင်အိမ်ထောင်စု ၉၀၀နှင့် လူဦးရေ ၂၀၀၀ခန့်အပါအဝင် မွတ်ဆလင် အိမ်ထောင်စု ၈၂၄ စုနှင့် လူဦးရေ ၂၆၀၀ ကျော် စုစုပေါင်း ၄၆၀၀ ကျော် ရှိသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ