အာရက္ခတပ်တော် AA ထိုးစစ်များရှိနေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏ မြို့မစခန်းမှူး ရဲမှူးဝင်နိုင်ဦးမှာ စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ပုသိမ်းသတင်းအထူးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
“ကျားခေါင်းသို့ ပရဟိတကားနဲ့ ရိက္ခာပို့သွားရောက်စဉ် Sniper ဖြင့် ပစ်ခတ်ခံရပြီး လည်ပင်းထိဒဏ်ရာနဲ့ သေဆုံးသွားတယ်။ Dead Body ကို သူ့ရဲ့ဇာတိ လက်ပံကွင်းသို့ ပြန်လည်သယ်ယူလာခဲ့ကြတယ်” ဟု ပြောသည်။
Sniper ကျည်ပစ်ခတ်စဉ် စခန်းမှူးသေဆုံးမှုကြောင့် ဘေးတွင်ရှိနေသည့် ပရဟိတကားသမား လန့်ပြီးသတိလစ်သွားကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဆိုသည်။
“အဆိုပါဖြစ်စဉ်ကြောင့် ရခ/နယ်ထိန်များ ကိုယ်လွတ်ရုံးပြေးကြကာ ထိုအထဲတွင် “ငါသေမှ ငါစခန်းရမည်”ဟု အမြဲကြွေးကြော်နေသည့် ကွက်ပြင်နယ်ထိန်း တိမ်ပျံလည်း ရှေ့ဆုံးမှထွက်ပြေးသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။
သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြပြီး သာပေါင်းစခန်းမှူး ရဲမှူးဝင်းနိုင်ဦးအား စနိုက်ပါပစ်ခတ်သည်မှာ မည်သူဖြစ်ကြောင်းကိုမူ ပုသိမ်သတင်းအထူးတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
အာရက္ခတပ်တော် AA သည် ရခိုင်နှင့် ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရခိုင်ရိုးပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်း၊ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ ပွိုင့် ၂၆၃ နှင့် ပွိုင့် ၃၆၉ တပ်စခန်းတို့ကို သိမ်းပိုက်ထားကြောင်း သိရသည်။