(ဒေသအာဏာပိုင်အဖွဲ့က ကူညီဖြေရှင်းဆောင်ရွက်ပေးရန် မိသားစုဝင်များ လိုလားနေ)
ရခိုင်ပြည်၊ မြေပုံမြို့နယ် ခရမ်းပြင်အုပ်စု လဟာကြီးကျေးရွာမှာ လင်ယောင်္ကျားဖြစ်သူက ဇနီးဖြစ်သူကို ရိုက်နှက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရရှိထားသော်လည်း ဆေးကုသခွင့်မပေးဘဲ အိမ်ထဲ ပိတ်လှောင်ထားကြောင်း စုံစမ်းသိရသည်။
အမျိုးသားဖြစ်သူမှ ၎င်း၏ ဇနီး ဖြစ်သူအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ လက်သီးများဖြင့် ထိုးနှက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းကြောင့် အပြင်ဒဏ်ရာများအပြင် အတွင်းဒဏ်ရာများမှာ ပြင်းထန်စွာ ရရှိထားပြီး လမ်းမလျောက်နိုင်ဘဲ အိပ်ရာထဲ လဲနေရသည်။
အသက် ၄၃ နှစ်အရွယ် လင်ယောင်္ကျားဖြစ်သူ ဦးမောင်ဒေါင်းချေ (ခေါ်) မောင်ထွန်းဝင်းမှ ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်မေသန်းကို မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ရိုက်နှက်ထားသည်ဟု ဒေါ်ခင်မေသန်း၏ မောင်ဖြစ်သူက Western News ကို ပြောပြသည်။
“ခန္ဓာကိုယ်တကိုယ်လုံးမှာ ဒဏ်ရာတွေ၊ ပြီးတော့ မျက်လုံး၊ မျက်နှာမှာလည်း ဒဏ်ရာတွေ၊ ခြေ၊ လက်၊ ပေါင်၊ ကျောကုန်း၊ လက်ချောင်းတွေ၊ ဝမ်းဗိုက်တွေ တစ်ကိုယ်လုံးပါပဲ။ ရိုက်နှက်ခံထားရတာ။ လမ်းလုံးဝ မလျှောက်နိုင်ဘူး။ ဆေးကုသခွင့်မပေးဘဲ အိမ်ထဲမှာ အခုထိ ပိတ်လှောင်ခံထားရပါတယ်” ဟု ပြောသည်။
ဒေါ်ခင်မေသန်းမှာ လင်ယောင်္ကျားဖြစ်သူမှ အရိုက်ခံရပြီးနောက် အိမ်ထဲပိတ်လှောင်ခံထားရ၍ နှစ်ရက်ခန့် အိမ်ပြင်သို့ ထွက်ခွင့်မရသည်ကို မိသားစုဝင်များနှင့် ရွာသားများက သတိထားမိစဉ် လိုက်ရှာကြရာ လင်ယောင်္ကျားဖြစ်သူ ရိုက်နှက်ပြီးပိတ်လှောင်ထားသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
မိသားစုဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အား သွားရောက်အကူအညီတောင်းခံသော်လည်း ဦးမောင်ဒေါင်းချေမှာ လူမိုက်ဖြစ်သည်ဟုဆိုကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေါ်ခင်မေသန်း ညီမဖြစ်သူက ပြောသည်။
“စသိတဲ့ ဇန်နဝါရီလ ၁၆ ရက်ညနေလောက်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို သွားတိုင်းထားပါတယ်။ အခုထိ လူနာက ဆေးကုသခွင့်မရသေးဘူး။ ဒီအတိုင်းတာ ဆက်ထားရင် ဘာဆေးမှလည်း မကုသရရင် သေသွားနိုင်တယ်လို့ ပြောကြတယ်။ လူနာက အပြင်ဒဏ်ရာ သက်သက်မဟုတ်ဘူး။ အတွင်းဒဏ်ရာပါ ရသွားတာ။ ခေါင်းလည်း ထိထားတော့ ကြောက်စိတ်တွေနဲ့ ကယောင်ရှောက်ချား ဖြစ်သွားပြီ။ စကားပြောတာ ပုံမှန်မဟုတ်တော့ဘူး။ အစ်မ သေသွားရင် ကလေးတွေ တော်တော်လေး ဒုက္ခရောက်ကြမှာ” ဟု ပြောသည်။
ဒေါ်ခင်မေသန်းတို့ မိသားစုမှာ လဟာကြီးကျေးရွာအတွင်း နေထိုင်ခြင်းမဟုတ်ဘဲ ရွာနှင့် ၁၀ မိနစ်ခန့် လမ်းလျှောက်သွားရသည့် တောင်ခြေရင်းအောက်တွင် လယ်ယာနှင့် ကွမ်းခင်း လုပ်ကိုင်းရင်း နေထိုင်ကြသော မိသားစုဖြစ်သည်။
ဦးမောင်ဒေါင်းချေနှင့် ဒေါ်ခင်မေသန်းတို့မှာ သားသမီး ၄ ဦးရှိပြီး အသက် ၂၀ အရွယ် သမီးတစ်ဦးနှင့် အသက် ၁ နှစ်ကျော် ကလေးတစ်ဦးအပါအဝင် သား ၃ ဦးတို့ရှိကာ သမီးဖြစ်သူမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။
မလေးရှားက သမီးဖြစ်သူနှင့် ဒေါ်ခင်မေသန်း၏ မောင်ဖြစ်သူ၊ ညီမဖြစ်သူတို့က ၎င်း၏ ဒဏ်ရာများအား ဆေးကုသခွင့် ရရှိရေးကို လိုလား၍ ဦးမောင်ဒေါင်းချေအား သွားရောက်ပြောဆိုသော်လည်း ထုတ်မပေးဟု သိရသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သမီးကြီးဖြစ်သူမှ ထည့်ပေးသော ငွေကို သွားထုတ်ယူရန် ကိစ္စကြောင့် အချေအတင် စကားများရာကနေ ရိုက်နှက်ခံရခြင်းဖြစ်နိုင်ကြောင်း ညီမဖြစ်သူက ပြောသည်။
“မလေးရှားမှာရှိတဲ့ သမီးကြီးက မိဘတွေဆီကို ပိုက်ဆံ ကျပ် ၆ သိန်းထည့်ပေးထားတယ်။ ဘယ်နေ့က ထည့်ပေးထားတာတော့မရှိဘူး။ သွားထုတ်ရမယ့် ရက်က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သွားထုတ်ရမှာ။ ငွေသွားမထုတ်မီ ရက် ဇန်နဝါရီလ ၁၄ ရက်နေ့ ညမှာ အစ်မက အရိုက်ခံရပါတယ်။ ဘာတွေဖြစ်ကြလဲ အသေးစိတ်ကိုတော့ မသိရဘူး။ တစ်ခန္ဓာလုံးမှာ ဒဏ်ရာတွေ အိပ်ရာထဲ လဲသွားတယ်။ စကားလည်း မပြောနိုင်တော့ဘူး။ ငွေလည်း သွားမထုတ်လိုက်ရဘူး” ဟု ပြောသည်။
ဦးမောင်ဒေါင်းချေမှာ သမီးဆီက ထည့်ပေးသော ငွေကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် သွားထုတ်ယူပြီး လောင်းကစားလုပ်ပစ်ကြောင်းလည်း ဒေါ်ခင်မေသန်း ညီမဖြစ်သူက ပြောသည်။
“ဦးမောင်ဒေါင်းချေ က အရင်ကလည်း ငွေတွေကို လောင်းကစားလုပ်တာရှိပါတယ်။ အခုလည်း သမီးဆီက ထည့်ပေးတဲ့ ငွေတွေကို လောင်းကစားလုပ်ထားတယ်။ ထိုရွာသွား၊ ဒီရွာသွား ပွဲတိုင်း မရောက်တဲ့နေရာမရှိဘူး။ အရက်သောက်မယ်၊ ဖဲကစားမယ်။ ငွေတွေကို လောင်းကစားလုပ်ပါတယ်” ဟု ပြောသည်။
ဒေါ်ခင်မေသန်း အရိုက်ခံရခြင်းကို မိသားစုဝင်များနှင့် ရွာသားများ အသိနောက်ကျခြင်းမှာ ၎င်းတို့နေအိမ်က ရွာနှင့်ဝေးသောကြောင့်ဟု မောင်ဖြစ်သူက ပြောသည်။
“ရွာသားတွေက အစ်မ အရိုက်ခံရတာ ချက်ချင်းမသိနိုင်တာက ရွာနဲ့ ဝေးလို့ပါ။ အရိုက်ခံရလို့ နာတဲ့ အော်တဲ့ အသံလည်း ရွာသားတွေ ကြားမှာ မဟုတ်ဘူး။ နှစ်ရက် သုံးရက်လောက် ရွာထဲ မရောက်တာကြာလို့ ရွာသားတွေက သတင်းသွားမေးမှ လင်ဆီမှာ အရိုက်ခံရထားတာကို သိရတာ။ အစ်မ ဆေးကုသခွင့် ရဖို့ အသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ အနေဖြင့် ကူညီဖြေရှင်းပေးစေချင်ပါတယ်” ဟု မောင်ဖြစ်သူက တောင်းဆိုထားသည်။
ဦးမောင်ဒေါင်းချေ၏ ရန်ပြုမူချက်များကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အပါအဝင် ရွာသူရွာသားများမှာ အရေးတကြီးဆေးကုသရန် လိုအပ်နေသည့် ဒေါ်ခင်မေသန်းအား သွားရောက်ယူဆောင်နိုင်ခြင်း မရှိသေးကြကြောင်း Western News စုံစမ်း သိရှိရသည်။
လင်ယောင်္ကျားဖြစ်သူ ဦးမောင်ဒေါင်းချေ မှာ ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းကို ယင်းကဲ့သို့ မကြာခဏ ရိုက်နှက်ခြင်းများ ရှိနေပြီး ယခုတစ်ကြိမ်မှာ အပြင်ဒဏ်ရာအပါအဝင် အတွင်း ဒဏ်ရာများပါ အပြင်းအထန် ရရှိထား၍ အရေးပေါ်ဆေးဝါးကုသရန် လိုအပ်နေကြောင်း ကျေးရွာသားများက ပြောသည်။
ထိုကြောင့် အသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးကြရန် မိသားစုဝင်များနှင့် ရွာသားများက တောင်းဆိုနေကြသည်။