ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က ဆိုင်ကယ် ကယ်ရီမောင်းသူများကို ရခိုင်ဘက်သို့ ဆေးဝါးနှင့် စာားသောက်ကုန်များ မပို့ဆောင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းဖိအားပေးနေကြောင်း သိရသည်။
“ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့တို့ကနေ ရခိုင် ဂွမြို့သို့ ဆိုင်ကယ်တွေနဲ့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးတွေကို မပို့ဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကယ်ရီသမားတွေကို ခေါ်ပြီး ဖိအားပေးနေတယ်။ လက်မှတ်လည်း အတင်းထိုးခိုင်းတယ်” ဟု ကယ်ရီမောင်းသူအချို့က ပြောသည်။
အကယ်၍ ပို့ဆောင်ပေးသူများရှိပါက သို့မဟုတ် ပို့ဆောင်ရန် လာရောက်ငှားရမ်းသူများကို ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရမည်ဟု ဆိုင်ကယ် ကယ်ရီသမားများအား ငါးသိုင်းချောင်းမြို့မရဲစခန်းမှူး တင်လင်းထွဋ်က ညွှန်ကြားထားကြောင်း သိရသည်။
သတင်းပို့ပါမည်ဟုလည်း ကယ်ရီသမားများအားလုံးမှာ ရဲစခန်း၌ ခံဝန်လက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း သိရသည်။
ကယ်ရီသမားတစ်ဦးက “ဆိုင်ကယ် ကယ်ရီသမားတွေအားလုံးဟာ ရဲစခန်းရဲ့ မှာကြားချက်တွေကို သိရှိပါတယ်ဆိုပြီး ခံဝန်စာများတွင် လက်မှတ်တွေ ရေးထိုးခဲ့ရပါတယ်” ဟု ပြောသည်။
ငါးသိုင်းချောင်း-ဂွ လမ်းမကြီးကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ အထပ်ထပ်ချထားပြီး ပိတ်ထားကြောင်းနှင့် ကယ်ရီသမားများမှာ တောလမ်း၊ ရွာလမ်းများကို အသုံးပြု၍ သွားနေကြခြင်းဖြစ်သည်။
ယင်းကြောင့် စစ်ကောင်စီက ဆိုင်ကယ် ကယ်ရီသမားများကို ခေါ်ယူပြီး ခြိမ်းခြောက်ဖိအားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့သည် ရေကြည်နှင့် သာပေါင်းမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။