Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ဖမ်းဆီးခံရသော အထောက်အထားမဲ့ မြန်မာများအား တွေ့ရစဉ်။ (ဓါတ်ပုံ - Kanchanaburi News)

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃ ရက်အတွင်း ၃၃၄ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ ရက် နံနက် ၁ နာရီက ၂၁ ဦး၊ နံနက် ၅ နာရီက ၁၁၈ ဦးနှင့် ညနေ ၁၀ နာရီတွင် ၂၆ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ပြီး ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း ထရပ်ကားအတွင်း ခိုးဝှက်လိုက်လာသော မြန်မာနိုင်ငံသား ၁၆၉ ဦး ထပ်မံဖမ်းဆီးခံရသည်။

၂၁ ဦးကို ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ဖုတ်ဖရမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၃၅ ပြားကိုပါက ဖမ်းဆီးရမိခဲ့သည်။

၁၁၈ ဦးကို ကန်ချနဘူရီခရိုင် ထောဖာဖူမြို့ ဟွေ့ခယိန်ကျေးရွာ ရေလှောင်ကန်အနီးမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းအထဲတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၄၀ ဦးနှင့် ကလေးငယ် ၅ ဦးပါဝင်ကြောင်း သိရသည်။

၂၆ ဦးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်တောင်ကြားလမ်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး အထောက်အထားမဲ့ မြန်မာများမှာ ကားပေါ်တွင် အိပ်ပြီးလိုက်လာကြခြင်းဖြစ်သည်။

၁၆၉ ဦးကို ကန်ချနဘူရီ Thong Pha Phum ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ ၂၂ ဘီး နောက်တွဲထရပ်ကားအတွင်း ခိုးဝှက်၍ လိုက်ပါလာကြခြင်းဖြစ်သည်။ ယင်းအထဲတွင် အမျိုးသမီး ၆၇ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှု၊ စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်မှုထမ်းရန် အတင်းအကျပ် ခိုင်းစေနေသဖြင့် လူငယ်များမှာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ပုံစံမျိုးစုံဖြင့် ထွက်ပြေးနေရကြောင်း ပြည်တွင်းမှ စစ်ဘေးရှောင်များနှ င့်CDM များကို ကူညီနေသောကွန်ရက် ခေါင်းဆောင်တစ်ဦးက ပြောသည်။
“လေဆိပ်မှာကလည်း ထွက်လို့မရအောင် အရမ်းတင်းကျပ်ထားတယ်။ အခုက စစ်မှုထမ်းနည်းဥပဒေအရ အမျိုးသမီး၊ အမျိုးသား လူငယ်အကုန် စစ်မှုထမ်းခိုင်းနေတော့ ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် ထွက်တာတွေ ပိုပြီးတော့များလာမယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရသည် တရားမဝင် ဝင်ရောက်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက အထောက်အထားများလုပ်ရန် ခွင့်ပြုပေးခဲ့သည်။

သတ်မှတ်ကာလ ပြီးဆုံးပြီဖြစ်သည့်အတွက် နိုင်ငံအနှံ့တွင် ထိုင်းအစိုးရသည် ယခင်ထက် စစ်ဆေးရေးတင်ကျပ်ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများနှင့် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးနေသည်။

ထိုကြောင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိထား သွားလာကြရန် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ကူညီနေသူများက တိုက်တွန်းနေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ