Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေ စတင်ရှားပါးလာနေသည်ကို ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် တွေ့ရစဉ်။ (ဓါတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း)

ရခိုင်ပြည် ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေကန်များ ခမ်းခြောက်လာ၍ ရေစတင်ရှားပါးလာသည်ဟု ဒေသခံများထံမှ သိရသည်။

ပုဏ္ဏားကျွန်းဒေသသည် နှစ်စဉ်လိုလို ရေရှားပါးလေ့ရှိပြီး လက်ရှိ နွေရာသီဘက် ကူးပြောင်းလာ၍ ကျေးရွာအချို့မှ ကန်များမှာ ရေခမ်းခြောက်လာနေပြီဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းဘေးရှိ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ ကျင်တလင်းကျေးရွာတို့အပါအဝင် ရွာပေါင်း ၅၀ ခန့်မှာ နှစ်စဉ် ရေရှားလေ့ရှိကြောင်း သိရသည်။

“တချို့ကျေးရွာက တစ်လလောက်ပဲ လုံလောက်တော့တယ်။ တချို့ရွာကျတော့လည်း ၂ လကျော်လောက်ပေါ့။ ၃ လလောက်ပဲ သောက်သုံးလို့ ရမယ့် ရွာတွေလည်းရှိတယ်။ အများစုက ရေကန်တွေမှာ ရေတွေ ခမ်းခြောက်လာပါပြီ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ပုဏ္ဏားကျွန်းဒေသမှာ ကျေးရွာပေါင်း ၆၀ ထက်မနည်း ရေရှားပါးမှုဒဏ်ကို ခံခဲ့ရပြီး ကလေးငယ်အများစုမှာ သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ဝမ်းပျက်ဝမ်းလျှော့ရောဂါများ ခံစားခဲ့ရကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့အနီးမှာ ရေလှောင်ကန်ရှိသော်လည်း အနီးအနား ကျေးရွာများကို ရေမဖြန့်ဖြူးနိုင်သည့်အပြင် မြို့ထဲမှာတောင် လုံလုံလောက်လောက် ရေမရရှိကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။

“ဂူဝ ရေလှောင်ကန်ကလည်း နွေမကုန်ခင်မှာပဲ ရေက ခမ်းခြောက်တတ်တယ်။ ဒီနှစ်လည်း လောက်မှာလား၊ မလောက်ဘူးလား စောင့်ကြည့်ရမယ်။ ပုဏ္ဏားကျွန်းမြို့မှာလည်း အရင်က မြို့လူဦးရေးထက် ပိုများလာတယ်။ စစ်ရှောင်တွေလည်း ရှိတော့ ရေသုံးစွဲမှုက ပိုများမယ်ထင်ပါတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းဒေသတွင် သောက်သုံးရေ စတင်ရှားပါးလာသည့်အတွက် ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) က ရေရှားပါးသော ကျေးရွာများအား သောက်သုံးရေ ဖြန့်ဝေနိုင်ရန် အကူအညီတောင်းခံနေသည်။
ရခိုင်ပြည်မှာ နွေရာသီရောက်တိုင်း ပုဏ္ဏားကျွန်းမြို့အပြင် အခြားသော မင်းပြား၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့အပါအဝင် မြို့အများစု ရေရှားပါးလေ့ရှိပြီး မြို့တော်စစ်တွေမြို့မှာတောင် ရေရှားပါးကြောင်း သိရသည်။

စစ်ကောင်စီက မဖြေရှင်းနိုင်ခဲ့သော ရခိုင်ပြည်၏ သောက်သုံးရေရှားပါးမှု ပြဿနာကို လက်ရှိ အာဏာပိုင်အဖွဲ့အစည်း အာရက္ခတပ်တော် AA က ဖြေရှင်းနိုင်လိမ့်မည်ဟု ဒေသခံပြည်သူများက မျှော်လင့်နေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ