Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ ဂွမြို့နယ်မှာ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ အရေပြားရောဂါဖြစ်ပွားနေစဉ်။ ဓါတ်ပုံ-စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ဂွမြို့နယ်

အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည် ဂွမြို့နယ်က တိုက်နယ် ၃ ခုမှ ကျေးရွာ ၁၂ ရွာထက်မနည်းတွင် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၃၀၀၀ ခန့် အရေပြားရောဂါ ဖြစ်ပွားနေသည်ဟု စစ်ရှောင်ကူညီရေး အဖွဲ့အစည်းများထံမှ သိရသည်။

ဂွမြို့နယ်က ကျိန္တလီတိုက်နယ်၊ ကုလားပြင်တိုက်နယ်၊ ဆပ်သွားတိုက်နယ်တို့မှ ကျေးရွာများတွင် ဖြစ်ပွားနေကြပြီး အရေပြားရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြသည်ဟု သိရသည်။

လွန်ခဲ့သည့် တစ်လကျော်ကစ၍ အရေပြားရောဂါလိုမျိုး လက်တွင် ပထမဆုံး ယားယံခြင်းများ ဖြစ်ပေါ်ကာ ယင်းကတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားပြီး အနာစိမ်းအနာခြောက်များ ဖြစ်ပွားနေကြသည်ဟု ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။

“အနာတွေဖြစ်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာပျံ့ပြီးတော့ ပြင်းပြင်းထန်ထန် ခံစားနေရတာရှိပါတယ်။ အဓိက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာက ၁၀ နှစ်အောက် ကလေးတွေ များပါတယ်။ ကလေးတွေမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ စောစောက ပြောသလို အနာစိမ်း၊ အနာခြောက်ပေါက်ပြီးတော့က အရေပြားတွေ ပျက်စီးပြီးတော့ တော်တော်လေး ခံစားနေရတာမျိုး ရှိပါတယ်။ ကလေးတွေဆိုရင် ဒီလိုစစ်ရှောင်ကာလမျိုးမှာ အဟာရ လုံလုံလောက် မစားသုံးရခါကျတော့ ကိုယ်ခံအားနည်းတယ်။ လက်ရှိမှာ အရေပြားရောဂါလည်း ဖြစ်နေတော့ သူတို့မှာ ရောဂါကို ခုခံနိုင်ဖို့ ကိုယ်ခံအားမရှိတဲ့အခါကျတော့ တချို့ကလေးတွေဆိုလို့ရှိရင် အစားအသောက်တွေ ကောင်းကောင်း မသုံးဆောင်ရလို့ ဝေဒနာခံစားနေရတဲ့ အချိန်မျိုးမှာ မခုခံနိုင်တော့ဘဲနဲ့ အစားအသောက်တွေ မဝင်တော့ဘဲနဲ့ အိပ်ရာထဲမှာ လဲနေရတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်နေတာရှိပါတယ်” ဟု ပြောသည်။

စစ်ရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူတစ်ရပ်လုံးမှာ အာဏာသိမ်း စစ်ကောင်စီ၏ ဆေးဝါးသယ်ယူခွင့်အပါအဝင် ဖြတ်လေးဖြတ်ကို လုပ်ထား၍ ငွေကြေးရှိလျှင်တောင် ဆေးဝါးများ ဝယ်ယူ၍ မရဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ငွေကြေးရှိရင်တောင် ဆေးဝယ်ဖို့ အခက်အခဲရှိပါတယ်။ ဆေးက တော်တော်လေးကို ရှားပါးပါတယ်။ ဆေးဝါးက ဈေးကြီးတယ်။ ဝယ်ရတာ ရှားတယ်။ ဒေသခံပြည်သူတွေ အနေနဲ့လည်း တိုက်ပွဲဖြစ်နေတဲ့ ကာလလည်း ဖြစ်တဲ့အတွက်မို့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အနေအထားကနေ အရေပြားယားနာတွေ ခံစားနေရတော့ တပူကနေ နှစ်ပူဆင့်ပြီးတော့ ခံနေရတာပေါ့လေ။ ဆေးကုသမှု ခံယူမယ်ဆိုရင်လည်း ပြည်သူတွေမှာ ငွေကြေးမလုံလောက်တာတွေရှိတယ်” ဟု ပြောသည်။

အရေပြားရောဂါဝေဒနာ ခံစားနေကြရသည့် စစ်ရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူတစ်ရပ်လုံးကို ဆေးဝါးနှင့် ငွေကြေးအထောက်အပံ့များအား ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ကူညီလျှက်ရှိကြောင်းလည်း သိရသည်။

နှထပ်ပြီးတော့လည်း အသင်းအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပြီး အကူအညီများ ကောက်ခံနေကြောင်း ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ဆိုသည်။

အရေပြားရောဂါ ဖြစ်ပွားနေသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းနေထိုင်မှုကို အလေးထား လုပ်ဆောင်ရမည်ဖြစ်သလို အနာများအား ကုတ်ခြစ်ခြင်းကိုလည်း သတိထားကုတ်ရမည်ဟု CDM ဆရာဝန်တစ်ဦးက Western News ကို ပြောသည်။

“ယားနာတစ်ခု ဖြစ်လာပြီဆိုလို့ရှိရင် အယားပြေဖို့အတွက် အယားပြေဆေးပေါ့နော် အယားပြေဆေး ပေးဖို့လိုမယ်။ ပြီးတော့ ကုတ်နေမိတာကို တားဆီးဖို့ လိုပါမယ်။ ကုတ်တဲ့အခါမှာလည်း ပိုပြီးတော့မှ မဆိုးရွားသွားအောင် လက်သည်းအရှည်နဲ့ ကုတ်ရင် ပိုဆိုးတယ်ပေါ့နော်။ လက်သည်းညှပ်ဖို့လိုတယ်ဆိုတဲ့ ကိစ္စမျိုးတွေကို ကျနော်တို့ ပြောဖို့လိုပါတယ်။ ဒါက ပထမဆုံး ကုသနည်းပေါ့နော်။ ပုံတွေကို ကြည့်ရတာက တချို့ကလေးတွေက ဝဲနဲ့တူတယ်။ တချို့ကလေးတွေက ပွေးနဲ့တူတယ်။ ဒါပေမယ့် အများစုက ကုတ်ဖဲ့ထားတဲ့အတွက်ကြောင့်မို့လို့ ပိုးထပ်ဝင်ပြီးတော့ တခြားပိုးမွှားတွေလည်းရှိနေတာကို တွေ့ရတယ်။ တချို့ကလေးတွေကလည်း ယားတာက ကုတ်ရင်း၊ ဖဲ့ရင်းနဲ့ နှင်းခူဆိုတဲ့ အရေပြားရောဂါဖြစ်ပွားနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

အရေပြားရောဂါကို ကုသရန် တစ်ယောက်နှင့်တစ်ယောက် ရောဂါလက္ခဏာချင်းတူနေမှာ မဟုတ်သည့်အတွက် မြေပြင်အနေအထားတွင် ရောဂါတစ်ခုချင်းစီးကို အသေးစိတ်ကုသရန် ဆေးပညာကျွမ်းကျင်ဝန်ထမ်းတစ်ဦးက အနီးကပ်လိုအပ်ကြောင်း ဒေါက်တာက အကြံပြုထားသည်။

အရေပြားရောဂါက ယခင်ကတည်းက ဖြစ်ပွားတတ်သည့် ရောဂါမျိုးဖြစ်သော်လည်း စစ်ပွဲကာလမျိုးတွင် ဆေးဝါးရှားပါးခြင်း၊ ဆေးကုသခွင့် လျော့နည်းသွားခြင်းတို့ကြောင့် လွယ်လွယ်ကူကူပျောက်နိုင်သော အနေအထားမှာ အကြာကြီးဖြစ်ပွားပြီး ရောဂါကြီးဖြစ်သွားသည်ဟု CDM ဆရာဝန်က ဆိုသည်။

ကိုနိုင်အောင်လင်းက သူ့၏ ပုဂ္ဂိုလ်ရေးအမြင်ဖြင့် ဂွမြို့နယ်မှာ ယခုကဲ့သို့ အရေပြားရောဂါဖြစ်ပွား မြင့်မားခြင်းသည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့်ဟု ပြောသည်။

“ကျနော်တို့ ဂွမြို့နယ်ဆိုတာ ဟိုး… အရင် ရှေ့အစဉ်အဆက်ကတည်းကနေ ကိုယ့်ရပ်ကိုယ့်ရွာ ဒီမြေဒီရွာမှာပဲ နှစ်ပေါင်းကြာရှည်အောင် ရှင်သန်လာတဲ့လူတွေဖြစ်တယ်။ အခု လက်ရှိကာလမှာမှ ဒီလို ဝေဒနာတွေ ခံစားရတယ်ဆိုတော့ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောရမလား။ ဒီ စစ်ကောင်စီက လေယာဉ်တွေ၊ နေဗီတွေက လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးကြဲတာတွေကနေ ယမ်းစိမ်းယမ်းငွေ့တွေက ပြည်သူတွေ သောက်သုံးတဲ့ ရေတွင်း၊ ရေကန်တွေကို ကျပြီးတော့မှ ပြည်သူတွေက အဲဒီရေတွေကို သောက်သုံးပြီးတော့မှ အခုလိုမျိုး ယားနာတွေ၊ တခြား ကျန်းမာရေး ချို့တဲ့ရောဂါတွေ ခံစားလာရတယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။

ဂွမြို့နယ်အပြင် ရခိုင်ပြည်မှာ ပုဏ္ဏားကျွန်း၊ မင်းပြား၊ သံတွဲနှင့် ရမ်းဗြဲဒေသတို့တွင်လည်း အရေပြားရောဂါမျိုးဖြစ်သည့် ခန္ဓာကိုယ် ယားယံခြင်း၊ ဝဲ၊ ခူ စသဖြင့် ဖြစ်ပွားနေကြပြီး ဆေးဝါး အကန့်အသတ်များကြောင့် အလုံးစုံပျောက်ကင်းမှုမရှိကြသေးဘဲ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြဆဲဖြစ်သည်။

မင်းပြားနှင့် ပုဏ္ဏားကျွန်းဒေသမှာ ကျေးရွာပေါင်း ၅၀ ထက်မနည်းမှာ ဖြစ်ပွားနေပြီး လူပေါင်း ထောင်ချီရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အရေပြားရောဂါအား အာရက္ခတပ်တော် AA ဆေးအဖွဲ့နှင့် အခြားသော ဆေးပညာနားလည်တတ်ကျွမ်းသူတို့ ပူးပေါင်းပြီး ကုပေးနေကြသည်ဟု သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ