(သားမိနှစ်ဦးစလုံးမှာ HIV ပိုးကို တွေ့ရှိရ၍ ART ဆေးများ ပေးထားဟုဆို)
HIV ပိုးရှိသည်ဟု ဆိုကာရွာပြင်နှင်ထုတ်ခံထားရသည့် မြောက်ဦးမြို့နယ် ရွာသစ်ကေကျေးရွာမှ သားမိ ၂ ဦးကို ကျေးရွာသားများက ရွာထဲတွင်ပြန်လည် လက်ခံထားပြီ ကျေးရွာအတွင်း ကျန်းမာရေး အသိပညာဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သားမိနှစ်ဦး ရွာပြင်နှင်ထုတ်ခံထားရသည်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုမှု ရှိခဲ့ပြီး သားမိ ၂ ဦးမှာလည်း ရွာထဲတွင်ပြန်လည်နေထိုင်နေပြီဖြစ်သည်။
ရွာပြင်နှင်ထုတ်ခံရသည့် သားမိနှစ်ဦး၏ မိသားစုဝင်တစ်ဦးက “၂၆ ရက်နေ့မှာ ရပ်ရွာလူကြီးဦးဆောင်ပြီး သူ့တို့ကို ရွာထဲကိုခေါ်သွင်းပါတယ်။ နောက်တော့ ကျန်းမာရေးဌာနက လူတွေရောက်လာကြတယ်။ ရွာမှာ အသိပညာပေး ဟောပြောပွဲလုပ်ပေးမယ်လို့ ပြောသွားကြတယ်။ ပြီးတော့ သူ့တို့သားအမိရဲ့ ဆေးစစ်ဖို့ကို အကုန်အခမဲ့ တာဝန်ယူကြတယ်။ ငွေရေးကြေးရေးပိုင်းလည်း ထောက်ပံ့ပေးကြတယ်။ တခြား အဖွဲ့တချို့က လာထောက်ပံ့တာတွေလည်းရှိတယ်” ဟု ပြောသည်။
ရွာပြင်ထုတ်ခံရသူ အဆိုပါ သားမိနှစ်ဦး၏ လက်ရှိ ကျန်းမာရေးအခြေနေမှာ ကောင်းမွန်နေပြီး ကျန်းမာရေးဌာနတွင် ဆေးစစ်ဆေးမှုများလည်း ခံယူထားကြကြောင်း သိရသည်။
အဆိုပါ သားမိ ၂ ဦးကို ကျန်းမာရေးဌာနမှ ဆေးစစ်မှုပြုလုပ်ရာ နှစ်ဦးလုံးတွင် HIV ပိုးတွေ့ရှိကြောင်းသိရပြီး မိခင်အတွက် ART ဆေးနှင့် ကလေးအတွက် ကိုယ်ခံအားကောင်းမွန်စေသည့်ဆေးများ ပေးဝေခဲ့ကြောင်းလည်း ကျန်းမာရေးဌာနမှ သိရသည်။
၎င်းတို့ နေထိုင်သည့် ရွာသစ်ကေကျေးရွာမှ ကျေးရွာသားများမှာ HIV ရောဂါဖြင့် လင်ယောင်္ကျားမှာဖြစ်သူ သေဆုံးခဲ့ရပြီးနောက် ကျန်ရစ်သူ ဇနီးနှင့် သားအား HIV ပိုးရှိသည့်အတွက် တစ်ခြားကျေးရွာသားများအား ကူးစက်နိုင်သည်ဟု ဆိုကာ ရွာပြင်ထုတ်ထားခဲ့ကြခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါကျေးရွာ၌ မြောက်ဦးမြို့နယ် ကျန်းမာရေးဌာနမှ ဦးစီးကာ ရွာလုံးကျွတ်တက်ရောက်ရသည့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၆ ရက်က ရွာဘုန်းတော်ကြီးကျောင်းတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသားများမှာ HIV ပိုးကို လေမှတစ်ဆင့်ကူးစက်နိုင်သည်၊ ပိုးရှိသူအနီးနားတွင် ရှိလျှင် ကူးစက်နိုင်သည်၊ ပိုးရှိသူနှင့် အတူသွားလာစားသောက်နေထိုင်လျှင် ကူးစက်နိုင်သည် စသည့် ထင်မြင် ယူဆချက်များရှိနေခဲ့၍ အဆိုပါ သားမိ ၂ ဦးအား ရွာပြင်တွင် ထုတ်ထားခဲ့ကြခြင်းဖြစ်သည်။
HIV ပိုးရောဂါပိုးမှာမူ အဆိုပါကျေးရွာသားများ ထင်မြင်ချက်များနှင့် မတူသည့် နည်းလမ်းများဖြင့် ကူးစက်နိုင်ခြင်းဖြစ်ပြီး ယေဘုယျအနေဖြင့် ပိုးရှိသူ၏ သွေးနှင့် ကိုယ်တွင်းအရည်များမှ တစ်ဆင့်သာ ကူးစက်နိုင်ခြင်းဖြစ်သည်။