Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အာရက္ခတပ်တော် စစ်ဆေးရေးမှ ၁၆ ရက်အကြာမှ လွတ်မြောက်လာသော ကုန်တင်သင်္ဘောအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် Teknaf Land ဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည်ကိုတွေ့ရစဉ်။ (ဓါတ်ပုံ- Bangla Tribune)

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က စစ်ကောင်စီ ထိန်းချုပ်သည့် ရန်ကုန်မြို့မှ ထွက်လာသော ကုန်သွယ်ရေးသင်္ဘော ၃ စီးကို အာရက္ခတပ်တော် AA က ခေါ်ယူစစ်ဆေးမှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမှာ ရပ်တန့်သွားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် တက္ကနာ့ပ်ဆိပ်ကမ်းသို့ ကုန်သွယ်ရန် ရန်ကုန်ဆိပ်ကမ်းမှ ထွက်လာသော ကုန်တင်သင်္ဘော ၃ စီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA ထိန်းချုပ်သည့် မောင်တောဒေသ ရခိုင့်ပင်လယ်ပြင်မှ ဖြတ်သန်းသွားစဉ် အဆိုပါ သင်္ဘောများကို AA က ခေါ်ယူစစ်ဆေးခဲ့သည်။

ယင်းအထဲမှ သင်္ဘောနှစ်စီးကို ဇန်နဝါရီလ ၂၀ ရက်တွင် အာရက္ခတပ်တော် AA က ပြန်လည်လွှတ်ပေးခဲ့ကြောင်း တက္ကနာ့ပ်ဆိပ်ကမ်း အာဏာသိမ်းများက ပြောဆိုကြသည်။

သို့သော်လည်း ကုန်တင်သင်္ဘောများကို အာရက္ခတပ်တော် AA က ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် နောက်ထပ် ရန်ကုန်မှ မည်သည့် ကုန်တင်သင်္ဘောများမှ လာရောက်ခြင်းမရှိတော့ဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေကြောင်းကုန်သွယ်ရေးမှာ ရပ်တန့်သွားပြီဟု တက္ကနာ့ပ်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောသည်။

Teknaf Land Port C&F Agents Association ၏ အထွေထွေအတွင်းရေးမှူး Ehteshamul Haque Bahadur က “၁၆ ရက်အကြာတွင် AA က ဖမ်းဆီးထားတဲ့ နောက်ဆုံးကျန် ကုန်တင်သင်္ဘောကို ပြန်လွှတ်ပေးလိုက်ပြီး အခု ဆိပ်ခံတံတားသို့ ရောက်ရှိနေပြီဖြစ်ပြီး ကုန်တွေကို တင်နေကြပါတယ်။ ဒါပေမယ့် ဖမ်းမိပြီးကတည်းက ရန်ကုန်ကနေ နောက်ထပ် ကုန်တင်သင်္ဘောတွေ ထပ်မရောက်လာတော့ဘူး” ဟု ပြောသည်။

နောက်ဆုံး ကျန်ရှိခဲ့သည့် ကုန်တင်သင်္ဘောတစ်စီးကို အာရက္ခတပ်တော် AA သည် ခေါ်ယူစစ်ဆေးမှု ၁၆ ရက်အကြာ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်ပေးခဲ့ပြီး ကုန်များကို ဘင်္ဂလားဒေ့ရှ် တက္ကနာ့ပ်ဆိပ်ကမ်းတွင် ကုန်ချနေကြပြီဟု သိရသည်။

ကုန်တင်သင်္ဘောများမှာ ရန်ကုန်မှ ငါးခြောက်၊ ကွမ်းသီး၊ ကော်ဖီနှင့် အခြားကုန်စည်များ စုစုပေါင်း ကုန်အိတ် ၅၀၀၀၀ တင်ဆောင်လာကြပြီး ဘင်္ဂလားဒေ့ရှ် တက္ကနာ့ပ်ဆိပ်ကမ်းမရောက်မီ မောင်တောဒေသ ရခိုင်ပိုင်နက် နတ်မြစ်ဝတွင် အာရက္ခတပ်တော် AA က ခေါ်ယူသွားခြင်းဖြစ်သည်။

နောက်ထပ် ဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးက “ထိန်းသိမ်းထားစဉ်အတွင်း AA က သင်္ဘောသားတွေကို မညှဉ်းပမ်းခဲ့ပါဘူး။ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့ ပြေလည်မှုယူပြီး သင်္ဘောတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်” ဟု ပြောသည်။
ကုန်သည်များ၏ ပြောကြားချက်အရ ကုန်တင်သင်္ဘောများကို စစ်ဆေးရန်အတွက်သာ ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံး လွှတ်ပေးသော သင်္ဘောကို AA က ၁၆ ရက်ကြာသည်အထိ စစ်ဆေးနေခြင်းသည် အဆိုပါ သင်္ဘောမှာ စစ်ကောင်စီ အရာရှိအချို့နှင့်နီးစပ်သည့် သင်္ဘောဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများ၊ ရွှေချောင်းများ ပါလာသည်ဟုဆိုကာ ရက်ရှည်ကြာမြင့်သွားခြင်းဖြစ်သည်။

သို့သော်လည်း စားသောက်ကုန်များနှင့် လူသုံးကုန်များက လွဲပြီး အခြား အန္တရာယ်ရှိသော ကုန်များ တွေ့ရှိခဲ့ခြင်းမရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းအာဏာပိုင်များက အတည်ပြုထားကြသည်။

အာရက္ခတပ်တော် AA ၏ စစ်ဆေးမှုများကြောင့် ကုန်သွယ်ရေးသင်္ဘောများ ထပ်မံလာရောက်ခြင်းမရှိဘဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေကြောင်းကုန်သွယ်ရေး ရပ်တန့်သွားခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ပြည်တွင်းကုန်မ္ပဏီများက လိုလားမှုမရှိကြကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ကြသည်။

“ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဒီဆိပ်ကမ်းကတစ်ဆင့် သွင်းကုန်တွေ သိသိသာသာ ကျဆင်းလာပြီး အစိုးရဝင်ငွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့အတွက် အစိုးရက တက်ကြွတဲ့ အစီအမံတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ကုန်သင်္ဘောများအား အာရက္ခတပ်တော် AA က ဖမ်းဆီးထားခြင်းအပေါ် Teknaf Land Port C&F အေးဂျင့်များအသင်းမှ အထွေထွေအတွင်းရေးမှူး Ehteshamul Haque Bahadur က ဝေဖန်ထားသည်။

နယ်စပ်ပြဿနာများနှင့် နယ်စပ်ကုန်သွယ်ရေး ကိစ္စများ နဂိုအတိုင်း ပြန်လည်အဆင်ပြေစေရန် နှစ်နိုင်ငံအစိုးရချင်း ဖြေရှင်းလိုသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်တွင်းကုန်သွယ်ရေးအဖွဲ့များက တောင်းဆိုနေကြသည်။

အာရက္ခတပ်တော် AA သည် ဘူးသီးတောင်၊ မောင်တော ဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော ရခိုင့်ပင်လယ်ပြင်အား ထိန်းချုပ်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ရခိုင့်ပင်လယ်ပြင်သို့ ဝင်ရောက်လာသော ငါးဖမ်းစက်လှေများ၊ သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ