Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်က မိုခါမုန်တိုင်းသင့်ပြည်သူများကို ပေးရန်ထားရှိသည့် စစ်တွေမြို့ ဗုဒ္ဓပြတိုက်က ဆန်အိတ် ၈၀၀၀ ကို စစ်ကောင်စီတပ်ရင်းများက ရိက္ခာအဖြစ် အသုံးပြု စားသုံးနေကြောင်း စစ်ကောင်စီ ဝန်ထမ်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။

စစ်တွေမြို့နယ်က ပြည်သူများအား ပြန်လည်ထူထောင်ရေးအတွက် ဆန်များထောက်ပံ့ရန် ပြည်နယ်စစ်ကောင်စီအဖွဲ့သည် ဗုဒ္ဓပြတိုက်အောက်ထပ်နှင့် အပေါ်ထပ်တွင် ဆန်အိတ်ပေါင်း ၈၀၀၀ ကို ၂၀၂၃ ဇူလိုင်လကတည်းက ထားရှိခဲ့သည်။

အဆိုပါဆန်အိတ်များသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက၊ ပြည်တွင်း၊ ပြည်ပက အလှူရှင်များ က လှူဒါန်းထားသည့် ဆန်အိတ်များ ဖြစ်ကြပြီး ယင်းဆန်အိတ်များကို စစ်ကောင်စီတပ်သားများက အသုံးပြုနေကြောင်း လွတ်မြောက်နယ်မြေရောက် ဝန်ထမ်းတစ်ဦးက ပြောသည်။

“ပြည်နယ်အစိုးရအဖွဲ့မှာ ပြည်ထောင်စုက လာတဲ့ ဆန်တွေ၊ နိုင်ငံတကာအဖွဲ့က လှူတဲ့ဆန်တွေ၊ တခြား အဖွဲ့အစည်းအသီးသီးလာတဲ့ ဆန်အိတ် ၈၀၀၀ လောက်ကို စစ်တွေက ဗုဒ္ဓပြတိုက်မှာ ထားတယ်။ အဲမှာ လုပ်အားပေး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အစောင့်အဖြစ် ထားထားတယ်။ အခုတော့ မရှိတော့ဘူး။ စစ်တပ်က ဗုဒ္ဓပြတိုက်မှာ နေရာယူပြီး ဆန်အိတ်တွေကိုလည်း အကုန်လုံး ယူစားသုံးထားတယ်။ ပြည်သူတွေလည်း ဆန်တွေ မရလိုက်ကြဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ အင်အား ၄၀၀ ခန့်ပါသော တပ်ရင်းနှစ်ရင်းသည် ဗုဒ္ဓပြတိုက်မှာ တပ်စွဲနေရာယူပြီးနောက် ဆန်အိတ်များမှာလည်း မရှိတော့ကြောင်း နောက်ထပ် ဝန်ထမ်းတစ်ဦးက ဆက်လက်ပြောသည်။

“၂၀၂၃ နိုဝင်ဘာလ တိုက်ပွဲစဖြစ်တော့ ဒီဇင်ဘာလလောက်မှာ စစ်ကောင်စီ တပ်ရင်းနှစ်ခု ပြည်မဘက်က ဆင်းလာတာလို့ ပြောတယ်။ ဗုဒ္ဓပြတိုက်မှာ တပ်စွဲ နေရာယူကြတယ်။ အရင်နေခဲ့တဲ့ မိုခါလုပ်အားပေး ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်နေရာကို ပြန်သွားကြတယ်။ မိုခါပြန်လည်ထူထောင်ရေးတွေအတွက် ထားတဲ့ ဆန်အိတ်တွေက ၂၀၂၄ ဖေဖော်ဝါရီလမှာ မရှိတော့ဘူး။ ပြည်သူတွေကလည်း ဆန်တွေ မရဘူးဆို‌တော့ စစ်သားတွေ ယူစားထားတာပဲ ဖြစ်လိမ့်မယ်” ဟု ပြောသည်။

Western News သတင်းရင်းမြစ်များ၏ ပြောပြချက်အရ စစ်တွေ ဗုဒ္ဓပြတိုက်တွင် လက်ရှိအချိန်အထိ အဆိုပါ တပ်ရင်းနှစ်ခုမှာ ဆက်လက်ရှိနေသေးပြီး စစ်တွေမြို့အတွင်း ဖမ်းဆီးရေးမှာ အဓိက ပါဝင်သူများဖြစ်ကြောင်း စုံစမ်းသိရသည်။

ထို့အပြင် စစ်တွေမြို့ ဗုဒ္ဓပြတိုက်အတွင်းမှာ ယခင်ကတည်းက နေထိုင်ခဲ့သော ဝန်ထမ်းများကို လက်ရှိတွင် လုံးဝနေထိုင်ခွင့် မပေးတော့ဘဲ စစ်ကောင်စီတပ်သားများ သည် အဆိုပါ နေရာများတွင် ဝင်ရောက်နေထိုင်မှုများ ရှိနေကြောင်း သိရသည်။

တပ်ရင်းအမည်၊ တပ်ရင်းမှူးများ၏ အမည်နှင့် ၎င်းတို့၏ နောက်ကြောင်းများကို Western News ၏ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောတွင် မရရှိသေးပေ။

ပြည်နယ်စစ်ကောင်စီ အဖွဲ့အနေဖြင့်လည်း ၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်တွေမြို့နယ်က မုန်တိုင်းသင့် ပြည်သူများကို ပေးရမည့် ထောက်ပံ့ရေးငွေကြေးများကိုလည်း ထောက်ပံ့ခြင်းမပြုခဲ့ဘဲ လက်ရှိအချိန်အထိ ထိန်းသိမ်းထားကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ