Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပလက်ဝ-အိန္ဒိယ ရေကြောင်းလမ်း မီဇူရမ်ဒေသက ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။

ပလက်ဝ-အိန္ဒိယ ရေလမ်းကြောင်း အိန္ဒိယဘက်က တင်းကျပ်နေ၍ ရခိုင်ကုန်သည်များ အခက်ကြုံနေရပြီး ထိခိုက်မှု အချို့ ရှိကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက ကုန်သည်များမှာ ပလက်ဝမြို့ကတစ်ဆင့် အိန္ဒိယသွားပြီး ကုန်များယူကာ ရခိုင်ပြည်အနှံ့ စားသောက်ကုန်းများ၊ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဝေရောင်းချနေကြသည်။

လက်ရှိတွင် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တစ်ခုဖြစ်သည့် ပလက်ဝ-အိန္ဒိယ မီဇူရမ်ပြည်နယ် လောင်တခရိုင် ရေကြောင်းလမ်းကို အိန္ဒိယဖက်က တင်းကျပ်လိုက်၍ ရခိုင်ကုန်သည်များမှာ ကုန်သွယ်ရေး အခက်အခဲကြုံနေရသည်ဟု ကျောက်တော်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ အပတ်တွေကစပြီး လောင်တလိုင်ခရိုင်မှာ အာသံဖက်က တပ်တွေက လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးရေးဂိတ်တွေ တိုးချထားတယ်လို့ ပြောကြတယ်။ ဒါကြောင့် သွားလာရေး ဂရုစိုက်ဖို့ ကုန်သည်တွေကြား ပြောနေကြတယ်။ အခု ကုန်သွယ်တာက ခွင့်ပြုချက်မရဘဲ ကုန်သွယ်နေကြတာလည်း ပါတယ်ဆိုတော့ ကျနော်တို့ ရခိုင်ကုန်သည်တွေ ထိမယ်ထင်ပါတယ်။ တချို့က ခွင့်ပြုချက်နဲ့ တချို့က ခွင့်ပြုမရဘူး။ ဒီလို အခြေအနေကြည့်ပြီး ကုန်သွယ်နေကြတာ” ဟု ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအား အဝင်အထွက်တင်းကျပ်ရန် အကြောင်းပြချက်ဖြင့် အိန္ဒိယဖက်က လမ်းကြောင်းများကို တင်းကျပ်ခြင်းဖြစ်ပြီး နှစ်ဖက် အာဏာပိုင်များ၏ ခွင့်ပြုချက်ဆိုလျှင် လွတ်လပ်စွာ သွားလာခွင့် ရရှိကြကြောင်းလည်း သိရသည်။

ပလက်ဝနှင့် အိန္ဒိယကြား အဓိက ဂိတ်နှစ်ခုဖြစ်သည့် ကာကီနှင့် တွီဒန်းတို့တွင် အိန္ဒိယဖက်က တင်းကျပ်နေကြောင်း ကုန်သည်များက ပြောသည်။

“လောင်တလိုင်မြို့ထဲက ကုန်ပစ္စည်းတွေသယ် နယ်စပ်ဂိတ်ဖြစ်တဲ့ ကာကီနဲ့ တွီဒန်းတို့ကို ဖြတ်ပြီး အဲကတစ်ဆင့်မှာ ရေကြောင်းကနေ ပလက်ဝကို သယ်ရပါတယ်။ ပလက်ဝက တစ်ဆင့်မှ ရခိုင်ကုန်သည်တွေဆိုရင် ရခိုင်ကိုပြည်ကို ဖြန့်၊ ချင်းကုန်သည်တွေဆိုရင် ချင်းပြည်ထဲကို ဖြန့်ကြရတယ်။ အခု နယ်စပ်တွေမှာ ဂိတ်တွေ တိုးချ တင်းကျပ်ထားတော့ ကုန်စည်စီးဆင်းမှုက နှေးသွားကြပါမယ်။ ဒါဆိုရင် ကုန်ဈေးနှုန်းတွေကတော့ ပိုတက်လာတော့မယ်” ဟု မြောက်ဦးကုန်သည်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြည်မနှင့် အဆက်အသွယ် ဖြတ်ပြီးနောက် ရခိုင်ပြည်၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းမှာ ပလက်ဝ-အိန္ဒိယ၊ မောင်တော-ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းကို အဓိက အားကိုးနေရပြီး ကုန်စည်များ မပြတ်လပ်ရေးအတွက် ရရာနည်းလမ်းဖြင့် လည်ပတ်နေကြခြင်းဖြစ်သည်။

ကုန်သွယ်ခက်ခဲမှုများကြောင့် ရခိုင်ပြည်အတွင်းက ကုန်စည်များ ဈေးနှုန်းမှာ ကျလာခြင်းမရှိဘဲ ပိုမိုမြင့်တက်လာကာ ယခု ကုန်သွယ်ရေးကျပ်တည်းမှုကြောင့်လည်း ကုန်စည်ဈေးနှုန်းများ အဆမတန် မြင့်လာနိုင်ကြောင်းလည်း ပြောဆိုနေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ