Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ-မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသော AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓါတ်ပုံ - APM

ရခိုင်တွင် ယခုတစ်လော မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ပြည်သူများ နေ့စဉ်ဆိုသလို သေဆုံးမှုများ မြင့်တက်လာနေပြီး မိုင်းအန္တရာယ် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်လာနေကြောင်း ဒေသခံများက ပြောသည်။

တစ်ဖက်တွင်လည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်နှင့်ပတ်သက်၍ သက်ဆိုင်ရာက တာဝန်ယူရှင်းလင်းရန် လိုသလို အခြားတစ်ဖက်တွင်လည်း မိုင်းအန္တရာယ် အသိပညာပေး ပိုမို့ လုပ်ဆောင်ရန် လိုအပ်နေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

မြို့ပေါ်အပါအဝင် ကျေးလတ်နေ ပြည်သူများမှာ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များနှင့် ပတ်သက်၍ အသိပညာပေးမှုများ သိရှိမှု အားနည်းသောကြောင့် ယခုလို သေဆုံးမှုများ ဆက်တိုက် မြင့်တက်လာနေကြောင်း ဂွမြို့နယ် လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“အခုတစ်လော သေဆုံးမှုတွေ အရမ်းမြင့်တက်လာနေပါတယ်။ တစ်ချို့ ကလေးတွေ မဟုတ်ဘူး။ လူကြီးတွေတောင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာတောင် နားမလည်းဘူး။ ဗုံးသီးကို ယူလာပြီးတော့ အိမ်မှာ ထားတာတွေ၊ ပြီးတော့ ထုခွဲတာတွေ လုပ်ကြတယ်။ ဒီလို မလုပ်သင့်တာတွေ၊ လုပ်တာကြောင့် သေဆုံးမှုတွေ မြင့်တက်လာတာပါ။ လူကြီးတွေက ဒါတွေနဲ့ ပိုပြီးတော့ ယဉ်ပါးဖို့လိုတယ်။ ကလေးတွေကို သေချာလေးကို စနစ်တကျ ပြောဖို့လိုတယ် “ဟုပြောသည်။

ဒါ့အပြင် ULA/AA က အနေနဖြင့် ကျေးရွာတွေနဲ့ မြိုပြများမှာ ယခုကဲ့သို့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ဆောင်မှုအပြင် မိုင်းအန္တရာယ် အသိပေးသည့် စာများ ကပ်ခြင်း၊ တားမြစ်နေရာများကို မသွားကြရန် လုပ်ဆောင်ခြင်း တို့ လိုအပ်နေကြောင်း မြောက်ဦးမြိုခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကလည်း မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား (မွတ်ဆလင်) ရွာမှာ စစ်လက်ကျန်မိုင်းနင်းမိ၍ အမျိုးသားတစ်ဦးက ညာခြေထောက်တစ်ဖက်ပြတ်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၃ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည် ဂွမြို့နယ် တိုင်ကျိုးကျေးရွာတွင် စစ်ကျန်လက်နက်ပစ္စည်း ဗုံးသီးပေါက်ကွဲ၍ ကလေးအပါအဝင် အရပ်သား ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့သည်။

ဂွမြို့နယ်ဒေသခံတစ်ဦးက “AA ဖက်က မိုင်းရှင်းလင်းရေးလုပ်နေတယ်။ ဒါပေမဲ့ လုံလောက်တဲ့ အတိုင်းအတာတစ်ခုအထိတော့ မရောက်သေးဘူး။ အားရစရာမရှိသေးဘူး။ ဒီထက်မက လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒီထက်မက လုပ်ဖို့လိုပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြားမှာ မြေမြှုပ်ခဲ့တဲ့ မိုင်းတွေ၊ စွန့်ပစ်ခဲ့တဲ့မိုင်းတွေ အခုရက်ပိုင်းမှာ ပိုပြီးတော့ ရလာတယ်။ လယ်ကွင်းပြင်တွေက ရတာပိုများတယ်”ဟုပြောသည်။

ဂွမြို့နယ် စစ်ပွဲကာလအတွင်း စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူ ၅ နှစ်အောက် ကလေးသူငယ် ၃ ဦး၊ လူကြီး ၁ ဦး စုစုပေါင်း ၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအထိ ရှိလာပြီဖြစ်သည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ အထိကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက်ပစ္စည်းများကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၈၈၉ ဦးအထိရှိကြောင်း ဖော်ပြထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ