Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပုဏ္ဏားကျွန်းဒေသက စစ်ရှောင်ကလေးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အရေပြားရောဂါကို တစ်ပြိုင်တည်း ခံစားနေရကြောင်း သိရသည်။ (ဓါတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း)

ရခိုင်ပြည်အတွင်း လာမည့် နွေရာသီကာလတွင် ရေရှားပါးမှုနှင့်အတူ ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမည် မိဘများ အလွန်စိုးရိမ်နေကြ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပေးဖို့ မိဘများ တောင်းဆိုနေကြသည်။

နွေရာသီရောက်လျှင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြားနယ်က ကျေးရွာအများအပြားတွင် သောက်သုံးရေရှားပါးလေ့ရှိပြီး ရေနှောက်များကို သုံးစွဲရ၍ ဝမ်းပျက်ဝမ်းလျှောရောဂါကိုလည်း တပါတည်း ခံစားကြရလေ့ရှိသည်။

ပုဏ္ဏားကျွန်းလူငယ်တစ်ဦးက “ကျနော်တို့ မြို့နယ်မှာက နှစ်စဉ် ရေရှားပါးပါတယ်။ မနှစ်ကလည်း ရေနှောက်တွေ သောက်ရလို့ ကျေးရွာတချို့က ကလေးငယ်တွေ တော်တော်များများ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားတာ ရှိခဲ့ပါတယ်။ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တာရှိပါတယ်။ ဒီနှစ်မှာတော့ စစ်ဘေးလေး သင့်ထားတော့ ဆေးဝါးတွေကလည်း မရှိ။ ရှိရင်လည်း မဝယ်နိုင်ကြဘူး။ တော်တော်လေးကို ဂရုစိုက်ရပါမယ်” ဟု ပြောသည်။

လက်ရှိ ပုဏ္ဏားကျွန်းဒေသတွင် သောက်သုံးရေ စတင်ရှားပါးနေပြီး ကလေးငယ်အချို့မှာလည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြသည်ဟု ဒေသခံအရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက ပြောသည်။

“စေတနာ အာရက္ခပြည်သူ့အကျိုး ဆေးခန်းနဲ့ အနီးအနားမှာ စစ်ရှောင်ပြည်သူ တစ်သောင်းလောက်ရှိပါတယ်။ အဒီအထဲက ကုသလူနာ ၃၆၀ ကျော်ရှိပါတယ်။ အနီးအနားက စစ်ရှောင်ပြည်သူတွေမှာ ရေရှားပါးမှုကြောင့် အရေပြားရောဂါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ရာသီတုတ်ကွေးနဲ့ တီဘီရောဂါက အစ ဖြစ်ပွားလို့ရှိနေကြပါတယ်” ဟု ဆိုသည်။

ကုန်ခဲ့သည့်နှစ် တိုက်ပွဲကာလ ပေါက်တောဒေသမှာ မွတ်ဆလင်ဒုက္ခသည်စခန်းများအတွက် သောက်သုံး ရေရှားပါးခြင်း၊ အစားအစာရှားပါးခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားပြီး ကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

လက်ရှိတွင် အဆိုပါ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် အခြားသော ရောဂါ အထွေထွေအနေဖြင့် AA ၏ ဆေးအဖွဲ့မှ ဆေးခန်းငယ်အဖြစ် ထားရှိကုသပေးနေသော်လည်း လုံလောက်မှု မရှိကြောင်း သိရသည်။

အာရက္ခတပ်တော် AA ၏ ဆေးအဖွဲ့များမှာ သိမ်းပိုက်ထားသော မြို့နယ်ဒေသများတွင် ဆေးခန်းငယ်များ ဖွင့်လှစ်ခြင်းနှင့် ရွှေ့လျားဆေးကုခန်းများဖြင့် ပြည်သူ့ကျန်းမာရေးအား ဝန်ဆောင်မှု ပေးလျှက်ရှိနေသော်လည်း ပိုမိုထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် လိုလားနေကြသည်။

လူနာမိသားစုတစ်စုက “အဓိကတော့ ဆေးကုခန်းတွေနဲ့ လက်လှမ်းမီးဖို့ပါ။ ကုန်ကျစရိတ်နည်းနည်းနဲ့ ဆေးကုခွင့်ရဖို့။ ဆေးဝါး ဈေးကြီးတာကို ထိန်းချုပ်ပေးဖို့ပါ။ ရောဂါတစ်ခုခုဖြစ်ပြီဆိုရင် မြို့ပေါ်ကို သွားမှ ရောဂါကြီးတွေဆိုရင် အထူးကုဆရာတွေ မရှိတာပေါ့။ နယ်ဘက်တွေမှာကျ ပိုဆိုးတော့ ကူးစက်ရောဂါတစ်ခုခု ဖြစ်ပြီးဆိုရင် ချက်ချင်းကောင်းနိုင်တဲ့ အခြေအနေမရှိဘူး။ ၃၊ ၄ လလောက်တော့ ခံရတယ်။ အရေပြားရောဂါဆိုရင် အခုထိ မကောင်းကြသေးတဲ့ သူတွေ အများကြီးပဲ။ မင်းပြား၊ ပုဏ္ဏားကျွန်း အခုဆို ဂွမှာ တော်တော်လေးကို ဆိုးဝါးနေကြတယ်” ဟု ပြောသည်။

၂၀၂၄ မေလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒုက္ခသည် ၃ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး လူအစုလိုက်အပြုံ ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားခဲ့ကြရသည်။

ရခိုင်ပြည်သူများမှာ သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်ကို ဆက်တိုက်ခံစားရပြီးနောက် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ကျန်းမာရေးပြဿနာများကို ဆက်လက်ခံစားရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ