Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ – ဂွမြို့နယ်က စစ်ဘေးရှောင်များအားတွေ့ရစဉ်။ ဓါတ်ပုံ- သက်လွင်ဖြိုး

ရခိုင်ပြည်အတွင်းက စစ်ရှောင်ကလေးငယ်များအပါအဝင် ၁ နှစ်အောက် ကလေးငယ်များမှာ ယခုအချိန်အထိ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း မိဘများထံမှ သိရသည်။

၂၀၂၃ နိုဝင်ဘာလ တိုက်ပွဲစတင်ကတည်းက ၁ နှစ်အောက် ကလေးငယ်များမှာ ကာကွယ်ဆေးမထိုးရဘဲ ရှိနေကြသလို လက်ရှိ မွေးဖွားကြသည့် ကလေးငယ်များမှာလည်း ကာကွယ်ဆေး ထိုးနှံခြင်းမရရှိကြကြောင်း သိရသည်။

ထိုကြောင့် ရခိုင်ပြည်မှာ ကာကွယ်ဆေးမထိုးရဘဲ အရွယ်ရောက်လာသည့် ကလေးငယ် အများအပြားရှိလာနေကြောင်းလည်း မိဘများက ပြောဆိုကြသည်။

မြေပုံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမကလေးက မွေးကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး။ အခုဆို ကလေးက ၁၀ လထဲဝင်ပြီ။ ထိုးမယ့် ကာကွယ်ဆေးတွေလည်း မရှိဘူးလို့ကြားတယ်။ ကလေးတိုင်း ထိုးပေးကျဖြစ်တဲ့ ကာကွယ်ဆေးတွေ မထိုးရတော့ ကျမကလေးအတွက် စိတ်ပူနေမိတယ်” ဟု ပြောသည်။

၁ နှစ်အောက်ကလေးများကို ဝက်သက်၊ မဲခိုင်၊ တုပ်ကွေး၊ ဆင်ခြေထောက်နှင့် ဂျပန်ဦးနှောက် စသဖြင့် ကာကွယ်ဆေးများကို ကလေးငယ်များအား တစ်လခြား၊ သုံးလခြား၊ ခြောက်လခြားဖြင့် အချိန်ပိုင်းခြားကာ ထိုးနှံပေးရသော်လည်း လက်ရှိအချိန်အထိ ရခိုင်က ကလေးငယ်များမှာ ကာကွယ်ဆေး မထိုးရသေးပေ။

ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကလေးတွေကို ကာကွယ်ဆေးမထိုးနိုင်တာ ၁ နှစ်ကျော်လာပြီဆိုတော့ ဒီကာလအတွင်း မွေးတဲ့ကလေးတွေအတွက် ကာကွယ်ဆေးဆိုတာမရှိခဲ့ဘဲ ဆေးထိုးနိုင်တဲ့အရွယ်ကို သူတို့လွန်သွားကြတယ်။ အခု သူတို့ကို ဆေးထိုးပေးဖို့ မဖြစ်နိုင်တော့ဘူး။ ဒီကလေးတွေအတွက် နောက်ဆက်တွဲ ကျန်းမာရေးချူချာမှုတွေကတော့ စိုးရိမ်ရတာပေါ့လေ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်တပြည်လုံး အတိုင်းအတာဖြင့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ့ခြင်းကို မပြုလုပ်နိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်နယ်မြေများတွင် ဌာနဆိုင်ရာများ ကောင်းစွာမလည်ပတ်နိုင်မှုနှင့် AA ထိန်းချုပ်နယ်မြေများတွင် ဆေးဝါးမရှိ၍ ဖြစ်ကြောင်း သိရသည်။

“အဓိက ဆေးမရှိတာကြောင့် မထိုးကြရတာပေါ့နော်။ ကာကွယ်ဆေးက လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက ရောက်မယ်ဆိုပြီး ကြားလိုက်တယ်။ ဒါပေမယ့် ရောက်တော့ မရောက်သေးဘူး။ ဆေးကတော့ ယူရင်ရလောက်ပါတယ်။ တခြားဆေးတွေကိုလည်း တတ်နိုင်သလောက် ဒီဘက်ကိုချပေးနေကြတာပဲ။ ဘာအခက်ခဲများရှိနေလဲဆိုတာတော့ သေချာမသိဘူး” ဟု AA ထိန်းချုပ်နယ်မြေထဲမှ ကျန်မားရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် မှောင်ခိုကုန်စည်လမ်းကြောင်းကိုသာ အသုံးပြုနေရဆဲဖြစ်သည့် ရခိုင်တွင် ဆေးဝါးများရရှိရေးမှာ များစွာခက်ခဲနေဆဲဖြစ်ပြီး လက်ရှိ ကာကွယ်ဆေးအပြင် ဒေသတွင်း တခြားဆေးဝါးများလည်း အများအပြား ပြတ်တောက်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ