Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ရှောက်ချောင်းရွာကို လာကြသည့် အရပ်သား ၃ ဦးမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ ၁ ဦးမှာ သေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၅၀ ကျော်အရွယ် ဦးအောင်သန်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၅၅ နှစ်ကျော်အရွယ် ဦးသန်းမြင့်နှင့် အသက် ၅၀ အရွယ် ဒေါ်မကြူတို့ ဖြစ်ကြောင်း သိရသည်။

ဦးအောင်သန်းနှင့် ဦးသန်းမြင့်တို့မှာ စိုင်ခြုံကျေးရွာဘက်ကနေ ရှောက်ချောင်းကျေးရွာသို့ အလာမှာ ရှောက်ချောင်းကျေးရွာအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ဦးသန်းမြင့်က ရှောက်ချောင်းရွာသားဖြစ်တယ်။ ဦးအောင်သန်းနဲ့အတူ ဆိုင်ကယ်စီးပြီး ကိုယ့်ရွာကိုယ် ပြန်လာကြတာ။ ရွာအနီးစပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လိုက်တာ ဖြစ်တယ်။ အလားတူပဲ ဒေါ်မကြူလည်း စိုင်ခြုံရွာကနေ ရှောက်ချောင်းရွာကို ဈေးရောင်းဖို့ လာတာ။ သူတို့နဲ့ အတူတူပဲ ပစ်ခတ်ခံရပါတယ်။ ဦးသန်းမြင့်က ဒဏ်ရာပြင်းထန်လို့ အသက်စိုးရိမ်ရတယ် ပြောပါတယ်” ဟု ပြောသည်။

ရှောက်ချောင်းကျေးရွာသည် ကျောက်ဖြူ ဓညဝတီရီတပ်စခန်းဌာနချုပ်နှင့်နီးပြီး သေဆုံးသွားသည့် ဦးအောင်သန်းရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်စခန်းသို့ ယူဆောင်သွားကြောင်း သိရသည်။

ကျောက်ဖြူမြို့အဝင်က စစ်ကောင်စီ ဂိတ်စခန်းများမှာလည်း ကျောက်ဖြူမြို့သို့ လာကြသော နယ်ဘက်က ဈေးအရောင်းအဝယ်လုပ်သူများကိုလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ