အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဝင်ရောက် ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့အနီး နတ်မြစ်အတွင်း Shahparir Dwip နှင့် Golarchar Mukh ဧရိယာတွင် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် Md Hasan, အသက် ၂၀ အရွယ် Abdur Rakim, အသက် ၂၆ နှစ်အရွယ် Md Jaber နှင့် အသက် ၁၆ နှစ်အရွယ် Md Hasan တို့ဖြစ်ကြောင်း သိရသည်။
![](https://westernnewsmm.com/posted/2025/02/1-43-1024x1024.jpg)
အဆိုပါ ငါးဖမ်းသမား ၄ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များမှာ အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
အာရက္ခတပ်တော် AA ကမူ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကိစ္စနှင့် ပတ်သက်ပြီး၍ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ Western News က ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ယခင်ကလည်း ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ဝင်ရောက် ငါးဖမ်းမှုများကြောင့် အာရက္ခတပ်တော် AA က ဖမ်းဆီးပြီး ၃၅ ဦးထက်မနည်းကို ဘင်္ဂလားဒေ့ရှ် ဘက်သို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ရှိခဲ့ဖူးသည်။
ထပ်မံပြီးလည်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများမှာ ရခိုင်ပင်လယ်ပြင်ဖြစ်သည့် အလယ်သံကျော်၊ မောင်တော မြစ်ဝတို့တွင် ဝင်ရောက်ငါးဖမ်းမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများမှ တစ်ဆင့် စစ်သွေးကြွ မွတ်ဆလင်များ ဘူးသီးတောင်၊ မောင်တောဒေသသို့ ဝင်ရောက်လာမည်ကို ဒေသခံပြည်သူများမှာ စိုးရိမ်လျှက်ရှိနေကြသည်။
အာရက္ခတပ်တော် AA သည် ဘူးသီးတောင်၊ မောင်တောကို စစ်ကောင်စီထံမှ သိမ်းပိုက်ပြီးနောင် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်အား ထိန်းချုပ်ထားပြီး ရခိုင်ပိုင်နက် အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို စောင့်ကြည့်နေသည်။