Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည်နယ်အတွင်း ကမ်းလွန်ပြင်မှာ ကင်းလှည့်နေတဲ့စစ်ရေယာဉ်များ။ ဓာတ်ပုံ - CINCDS

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် ပိတ်မိနေသော ဒေသခံပြည်သူများမှာ အာရက္ခတပ်တော် AA ထိန်းချုပ်သည့် လွတ်မြောက်နယ်မြေသို့ ပွဲစားများဖြင့် ထွက်ခွာနေကြပြီး မြို့ခံ ၃၀ ကျော်မှာ စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံလိုက်ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့က ပွဲစားအစီစဉ်များဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ခွာကြသော စစ်တွေမြို့ခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။

ပွဲစားများက နေဗီရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေပေးပြီးနောက် ဆတ်ရိုးကျချောင်းနှင့် ရွှေပြားဘက်က ထွက်ခွာစဉ်မှာ ကင်းစောင့်နေသော ကြည်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

စစ်တွေ မြို့ခံတစ်ဦးက “ပြီးခဲ့တဲ့ ၈ ရက်နဲ့ ၉ ရက်မှာ ဘုတ်တွေနဲ့ နေဗီကို လူတစ်ဦး ပိုက်ဆံ ၁ သိန်းစီပေးပြီး ထွက်ခွာတဲ့အခါမှာ ကင်းစခန်းတွေက အကောင်တွေက သူတို့ကိုပါ ငွေမပေးလို့ဆိုပြီး ဖမ်းပါတယ်။ လူ ၃၀ ကျော်လောက် အဖမ်းခံရပါတယ်။ စစ်တွေမြို့ ကမ်း ပတ်ပတ်လည်မှာက အဖွဲ့ပေါင်းစုံရှိနေတော့ တစ်ဖွဲ့တည်းကို ပိုက်ဆံပေးပြီး ထွက်လို့မရဘူး။ အကုန်လုံးကိုပေးမှ ထွက်လို့ရတယ်။ နေဗီကိုကျ ပေးပြီး ကမ်းပေါ်မှာ ကင်းစောင့်နေတဲ့ တပ်ဖွဲ့ဝင်တွေကို မပေးတော့ သေနတ်ပစ်ဖောက်ပြီး ဖမ်းတယ်လို့ သိရတယ်” ဟု ပြောသည်။

အဖမ်းခံရသည့် စစ်တွေမြို့ခံများမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့၏ နေထိုင်ရာရပ်ကွက်များကို Western News က စုံစမ်းနေဆဲဖြစ်သည်။

၎င်းတို့အားလုံးကို စစ်တပ်က ရဲစခန်းဘက်သို့ လွှဲပြောင်းထားပြီး မြို့ပြင်မထွက်ရ စည်းကမ်းချိုးဖောက်မှုဖြင့် ၎င်းတို့အားလုံးကို အရေးယူထားကြောင်းနှင့် ရုံးတင်တရားစွဲဆိုသွားမည်ဟုလည်း Western News က စုံစမ်းသိရသည်။

စစ်တွေမြို့ခံနောက်တထပ်တစ်ဦးက “အခု ရက်ပိုင်း မြို့အနီးမှာ လက်နက်ကြီးသံတွေ အရမ်းကြားနေရတော့ စစ်တွေမြို့မှာ မနေချင်တဲ့ သူတွေလည်းရှိတယ်။ ရန်ကုန်ဘက်သွားဖို့ကျ မတတ်နိုင်ကြဘူး။ ဒါ့ကြောင့် လွတ်မြောက်နယ်မြေဘက်ကို သွားကြတယ်။ အဖွဲ့ပေါင်းစုံကို ပေးနိုင်တဲ့သူတွေက လွတ်သွားတာရှိသလို မပေးနိုင်ရင် အဖမ်းခံရဖို့ များပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် စစ်တွေမြို့က စစ်ကောင်စီတပ်စခန်းများကို ယခင်က ခပ်စိပ်စပ် တိုက်ခိုက်ရာကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညကစပြီး နေ့စဉ်နီးပါး လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ရေချမ်းပြင်၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရွှေမင်းဂံ၊ ကုလားတန်မြစ်ဝ စသည့် စစ်ကောင်စီရှိရာနေရာများကို အာရက္ခတပ်တော် AA က ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်တွေတွင် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် ဒကစ စစ်တွေ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ အပါအဝင် အမြောက်တပ်၊ တပ်ရင်း၊ ရဲတပ်ရင်း ၁၀ ခုနီးပါးရှိနေပြီး AA ၏ ထိုးစစ်ကို ခုခံရန်အတွက် အသင့် ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ