ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက လွှဲပြောင်းလိုက်ကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများက ဖော်ပြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA က လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
DKBA ထိန်းချုပ်နယ်မြေများတွင် လုပ်ကိုင်နေကြသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် ပိတ်မိနေသူ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ကယ်တင်နိုင်ခဲ့ပြီး လက်ရှိတွင် လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။
၎င်းတို့ကိုအားလုံးကို ထိုင်းဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး ထိုင်းစစ်တပ်က စစ်ကား ၁၈ စီးဖြင့် စောင့်ဆိုင်းနေပြီး ၎င်းတို့ အားလုံးကို သယ်ဆောင်သွားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
![](https://westernnewsmm.com/posted/2025/02/2-21-1024x1024.jpg)
![](https://westernnewsmm.com/posted/2025/02/3-3-1024x1024.jpg)
![](https://westernnewsmm.com/posted/2025/02/8-18-1024x1024.jpg)
နိုင်ငံခြားသားများမှာ ဖိလစ်ပိုင် ၂၆ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ ဘရာဇီး ၂ ဦး၊ နီပေါ ၁ ဦး၊ ကင်ညာ ၃၃ ဦး၊ လာအို ၁၉ ဦး၊ အီသီယိုးပီးယား ၄၆ ဦး၊ ပါကစ္စတန် ၃၁ တန်ဇန်းနီးယား ၁ သီရိလင်္ကာ ၁ ဦး၊ ယူဂန်ဒါ ၂ ဦး၊ ထိုင်ဝမ် ၄ ဦးတို့ ဖြစ်ကြသည်။
ထို့နောက် အာဏာပိုင်များက လူကုန်ကူးခံရသူ ၂၆၁ ဦးအား ဘုန်းတော်ကြီးများနှင့် တွေ့ဆုံကာ လူကုန်ကူးမှု စိစစ်ရေးစနစ်သို့ ဆက်လက်ပို့ဆောင်ရန် ခရိုင်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။
DKBA က လွှဲပြောင်းပြီးပါက အဆိုပါ နိုင်ငံခြားသားများကို ဖွန်ဖရာခရိုင်းရုံးသို့ ခေါ်ဆောင်ပြီး ယင်းကတစ်ဆင့် မဲဆောက်ခရိုင် နယ်ခြားစောင့်ရဲတပ်ခွဲတွင် စစ်ဆေးသွားမည်ဟု ဆိုသည်။
![](https://westernnewsmm.com/posted/2025/02/9-10-1024x1024.jpg)
![](https://westernnewsmm.com/posted/2025/02/10-3-1024x1024.jpg)
![](https://westernnewsmm.com/posted/2025/02/11-2-1024x1024.jpg)
မြန်မာ-ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း မြဝတီမြို့ဒေသ၊ ရွှေကုက္ကိုမြို့ဒေသတို့တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ အခြေစိုက်ကာ တစ်ကမ္ဘာလုံးကို ငွေလိမ်လည်နေခြင်းဖြစ်သည်။
ရွှေကုက္ကိုမြို့ကို အဓိက ချုပ်ကိုင်ထားသည့် ကရင်နယ်ခြားစောင့်တပ်(BGF) က လည်း ပြီးခဲ့သည့်ရက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် ပိတ်မိနေသူ ၇၀ ဦးခန့်ကို ထိုင်းဘက်သို့ လွှဲပြောင်းပေးခဲ့သည်။
သို့သော်လည်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် အချို့ကို ကျားဖြန့်ငွေလိမ်ဂိုဏ်းနှင့် ချိတ်ဆက်မှုရှိသောကြောင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI က လူကုန်ကူးမှုသံသယဖြင့် ဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
![](https://westernnewsmm.com/posted/2025/02/12-1-1024x1024.jpg)
![](https://westernnewsmm.com/posted/2025/02/13-1-1024x1024.jpg)
![](https://westernnewsmm.com/posted/2025/02/14-1-1024x1024.jpg)
ဗိုလ်မှူးကြီးစောချစ်သူက ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို ခေါ်ယူထားခြင်းမရှိဘဲ ၎င်းတို့မှာ ထိုင်းဘက်ခြမ်းတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုထားသည်။