ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းစစ်သားများက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့မှုတွင် စစ်ဆေးပေးရန် တောင်းဆိုမှုကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ လက်ခံလိုက်သည်။
သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကို အတွက် တရားမျှတမှုရရှိရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လက်ခံလိုက်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ယနေ့တွင် ပြောသည်။
မြန်မာနိုင်ငံသား အောင်ကိုကို အတွက် တရားမျှတမှုရရှိစေရန် Fortify Rights က တင်သွင်းသည့် အမှုကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ Lawyers Council of Thailand က လက်ခံလိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေ့များ ကောင်စီ ၏ ဥက္ကဋ္ဌ က ပြောသည်။
“အရပ်ဘက် သို့မဟုတ် ရာဇ၀တ်မှုဖြင့်ဖြစ်စေ အရေးယူရန်” တွန်းအားပေးမည်ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီခန့်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး ဘန်တိုင်းကျေးရွာတွင် ထိုင်းစစ်သားလေးဦးက မြန်မာနိုင်ငံသား ကိုအောင်ကိုကိုကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ထိုင်းစစ်သားသုံးဦးက ကိုအောင်ကိုကိုသည် သစ်သားတုတ်ရှည်ဖြင့် ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရကာ ၎င်းမှာ သေဆုံးခဲ့ကြောင်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး Western News က ဖော်ထုတ်တင်ပြခဲ့သည်။
ကိုအောင်ကိုကို မှာ ထိုင်းစစ်သားများ၏ ရိုက်နှက် သတ်ဖြတ်မှုကြောင့် ခန္ဓာကိုယ်တွင် ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာများ ရရှိကာ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတစ်ဝိုက်နှင့် နှာခေါင်းတို့တွင် ညိုမဲဒဏ်ရာများ ရှိနေခဲ့သည်။
ထို့အပြင် ၎င်းမှာ နောက်ကျောတစ်ခုလုံးနီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့်အပြင် ညာဘက် တံတောင်ဆစ်တွင် တစ်လက်မခန့် နက်ရှိုင်းသော ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်း တွေ့ရှိခဲ့ရသည်။
ကိုအောင်ကိုကို သည် ငှက်ဖျား ရောဂါ အခံကြောင့် မြန်မာနိုင်ငံ မြ၀တီဖက်တွင် ဆေးခန်းသွားပြပြီး မဲဆောက်သို့ ပြန်လာချိန်တွင် စစ်ဆေးရေးဂိတ်မှ ထိုင်းစစ်သားများက ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးရာမှ လက်လွန် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က “လုပ်ငန်းစဥ်က ဘယ်လောက်ကြာမြင့်မယ်ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပေမယ့် ကျွန်တော်တို့ မျှော်လင့်တာကတော့ ရှေ့နေ များကောင်စီက သူတို့ရဲ့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးဆောင်ရွက်ပြီး အထူးစုံစမ်း စစ်ဆေးရေးဌာနကိုလည်း ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် ပိုပြီးလျင်မြန်စွာ တိုက်တွန်းနိုင်ဖို့ပါပဲ။ ထိုင်းနိုင်ငံမှာ အောင်ကိုကို အသတ်ခံရတာ ရက်ပေါင်း ၄၀၀ နီးပါးရှိနေပါပြီ။ ဒီကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုမှာ တာဝန်ရှိတဲ့ စစ်သားတွေကို အာဏာပိုင်တွေက မြန်မြန်ဆန်ဆန် အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။



မြန်မာနိုင်ငံသား ဦးအောင်ကိုကိုမှာ ထိုင်းစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်ဖြစ်စဉ်အား ၎င်း၏ မိသားစုဝင်များနှင့်အတူ Western News သည် သေဆုံးပြီး နှစ်ရက်အကြာတွင် အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြစ်မှုကျူးလွန်သူများ အရေးယူခံရနိုင်ရေးအတွက် စုံးစမ်းဖော်ထုတ်ခဲ့ကြသည်။
သေဆုံးသူ ဦးအောင်ကိုကိုသည် ထိုင်းနိုင်ငံမဲဆောက်သို့ မရောက်ခင်က မြန်မာနိုင်ငံ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။
မြန်မာစစ်တပ်က အာဏာသိမ်းစဉ် ကာလအတွင်း ဆန္ဒပြရာတွင်ပါဝင်ခဲ့၍ ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တိမ်းရှောင်လာသော ရွှေ့ပြောင်းလုပ်သမားတစ်ဦးလည်း ဖြစ်သည်။
Fortify Rights က ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုင်းစစ်တပ်မှ စစ်သားများက မြန်မာနိုင်ငံသား ဦးအောင်ကိုကိုအား စစ်ကြောရေးလုပ်ခဲ့ပုံနှင့် ညှဉ်းပန်းရိုက်နှက်သတ်ဖြတ်ပုံများကို အသေးစိတ် ဖော်ပြထားသည်။
“အောင်ကိုကိုက သူတို့မေးတာတွေကို ပြန်ဖြေလို့လည်း ပြီးရော ခေါင်းဆောင် [ထိုင်းစစ်သား] က ကျွန်တော်တို့ ရှေ့မှာတင် အောင်ကိုကိုရဲ့ ကျောကုန်းနဲ့ ခြေထောက်တွေကို ဝါးရင်းတုတ်နဲ့ အချက်ပေါင်းမနည်း အားထည့်ပြီး ရိုက်တာ ဝါးရင်းတုတ် ကျိုးတဲ့အထိပဲ။ ပြီးတော့ အရှည် ၁.၅ မီတာ (၅ ပေ နီးပါး) လောက်ရှိတဲ့ နောက်ထပ် တုတ်ချောင်းရှည်နဲ့ အောင်ကိုကိုကို အဲ့တုတ်ပါ မကျိုးမချင်းအထိကို ဆက်ရိုက်တယ်” ဟု မျက်မြင်သက်သေများစွာထဲမှ တစ်ဦးဖြစ်သော M.L (အမည်လွှဲ) က ပြောဆိုသည်။
ထိုင်းစစ်သားများ သတ်ဖြတ်၍ သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံသား ဦးအောင်ကိုကိုသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရပ်ကွက်တစ်ခုအတွင်း ရပ်ရွာလူထုအခြေပြုလုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ၏ စေတနာ့ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ကြောင်း သိရသည်။
ဦးအောင်ကိုကိုသည် မဲဆောက်တွင် ရွှေ့ပြောင်း လုပ်သမားအဖြစ် မီးလိုင်းပြင်ဆင်သည့်လုပ်ငန်းတွင် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။
အောင်ကိုကိုအနေဖြင့် ထိုင်းများသာ ဝတ်ဆင်လေ့ရှိသော ချော်ရော်ဘော် (Chor Ror Bor) အပေါ်ထပ် အင်္ကျီဝတ်ထားသောကြောင့် အစပိုင်းတွင် ထိုင်းစစ်သားများက ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မျက်မြင်သက်သေများက ထင်မြင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု Fortify Rights အဖွဲ့ အစီရင်ခံစာအရ သိရသည်။
လူသတ်မှုကျူးလွန်ခဲ့သော ထိုင်းစစ်သားသုံးဦးအစား ပြစ်မှုကျခံနေရသော ကြံရာပါ စီရာချက် ဆိုသူမှာလည်း ကိုအောင်ကိုကိုနည်းတူ ရပ်ရွာလူထုအခြေပြုလုံခြုံရေး တပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ၏ စေတနာ့ဝန်ထမ်း တစ်ဦး ဖြစ်ကြောင်းသိရသည်။